မိုးးး (၁)

Thursday, November 11, 2010


အပြင်မှာ မိုးသည်းသည်းမဲမဲရွာနေတဲ့အတွက် အမိုးစွန်းအောက်လေးမှာ နံရံကိုကွယ်ရင်း ရပ်နေခဲ့တဲ့ ကျွန်မတစ်ကိုယ်လုံးနီးပါး မိုးရေစိုနေခဲ့တယ်လေ .... ကျွန်မနဲ့အတူ သူငယ်ချင်းလည်းဖြစ် အစ်မဝမ်းကွဲလည်းဖြစ်တဲ့ နွယ် လည်း ရပ်နေခဲ့တာပါ ... သူနဲ့ကျွန်မ သင်တန်းတစ်ခုကို အတူ လာတက်ကြတာ ... ဒီသင်တန်းက ကျွန်မအရင်တုန်းတည်းက ရင်းရင်းနှီးနှီး တက်ဖြစ်ခဲ့ပြီးသား ... မိသားစုဆန်တဲ့ ဒီသင်တန်းပိုင်ရှင် ဆရာက အစ်ကိုလိုလည်းဆိုးလို့ရရဲ့ ... ဒါကြောင့်ပဲ ကျွန်မရန်ကုန်ကို အကြာကြီး သွားနေခဲ့ပြီး ပြန်ရောက်တာကို မပြောဘဲ ဆရာကို အံ့သြသွားစေချင်ခဲ့တာပေါ့ ... ဆရာ မမြင်အောင် ကွယ်ရပ်နေဖို့ပဲ အာရုံစိုက်နေတဲ့ကျွန်မ မိုးစိုနေတာကို သတိမပြုမိအားပါဘူး ... ၇ နာရီက ၉ နာရီ အတန်းချိန်မပြီးသေးတော့ ၉ နာရီခွဲ တက်ဖို့စောင့်နေတဲ့ လူတွေ အပြင်မှာပဲရပ်နေကြတာပေါ့ ... ဒါပေမယ့် အဲဒီအချိန်မှာပဲ ကျွန်မနဲ့အတူရပ်နေခဲ့ကြတဲ့ ကောင်မလေးတွေ အထဲကို ဝင်သွားကြတယ် .. နွယ်လည်းဝင်သွားခဲ့တယ် ... ကျွန်မက ဝင်ဖို့စိတ်ကူးမရှိပါဘူး ... ဆရာ မမြင်သွားဖို့ကိုပဲ အာရုံစိုက်နေခဲ့တာ .. ဒါပေမယ့် ကျွန်မရှေ့ကပဲ ကောင်လေးတစ်ယောက် ဖြတ်ဝင်သွားခဲ့တယ် ... ခဏလေး တကယ့်ခဏလေးပါပဲ သူပြန်ထွက်လာခဲ့တယ် ... ပြီးတော့ ကျွန်မရှေ့မှာ လာရပ်တယ် ... ကျွန်မက ကြောင်ကြည့်နေတုန်းပဲ ....“အမ, အထဲကို ဝင်ထိုင်ပါ ”တဲ့ ပြောလာခဲ့တယ် ... စိတ်ထဲမှာ ကျွန်မဖွက်နေတာကို ဆရာသိသွားတော့မှာ စိုးရိမ်သွားတယ် ... အဲဒါနဲ့ ခပ်တည်တည်၊ လေသံဖွဖွ နဲ့ မဝင်ချင်ဘူးလို့ပြောလိုက်တယ် ... သူကလည်း သေချာကြည့်ပြီး ထပ်ပြောတယ် .. “အမ ဝင်ထိုင်လိုက်ပါတဲ့” ... ကျွန်မလည်းစိတ်တိုလာတယ် ... မဝင်ချင်ဘူးပဲထပ်ပြောမိတယ် ... လူတွေကလည်းကြည့်ပြီး ပြုံးနေကြပြီ ... ကျွန်မမှာ ဆရာတွေ့သွားမှာကို စိုးရိမ်နေတယ် ... သူကလည်း စိတ်တိုလာပုံပဲ ... ထပ်ပြောတယ် ... “အမမှာ မိုးစိုနေပြီ ၊ အထဲဝင်ရင် ဘာဖြစ်သွားမှာ မို့လို့လဲ” တဲ့ ... ကျွန်မလည်းစိတ်တိုတိုနဲ့ မဝင်ရင်ကော ဘာဖြစ်သွားလဲလို့ ထပ်အော်လိုက်တယ် ... နွယ်က ထွက်လာပြီးသူ့ကို မဝံ့မရဲကြည့်ပြီး ခေါင်းလေးငုံ့ အရိုအသေပေးတယ် ... ပြီးတော့ ကျွန်မကို ဝင်ဖို့ ခေါ်တယ် ... ကျွန်မလည်း မဝင်ချင်ဘူးလို့ အော်လိုက်တယ် ... လူတွေက ကျွန်မနဲ့ကောင်လေးကို ကြည့်ပြီးပြုံးစိစိ လုပ်နေကြတယ် ... ကောင်လေးလည်း ကျွန်မကို ပြုံးကြည့်ပြီးဝင်သွားတယ် ... နောက်အတန်းချိန် စခါနီးတော့မှ ဆရာမမြင်အောင် ဝင်ထိုင်နေလိုက်တယ် ... ကျွန်မ ထင်တဲ့အတိုင်းပဲ အရမ်းပိန်ခဲ့တဲ့ကျွန်မ နည်းနည်းပြည့်လာတော့ ဆရာက မမှတ်မိတော့သလို ဖြစ်နေတယ် ... ကျွန်မပျော်လိုက်တာ ... ပြီးမှ ကျွန်မကို မှတ်မိသွားပြီး ဟိုကောင်လေးနဲ့ မိတ်ဆက်ပေးတယ် ... သူကလည်း အော်ဆိုတဲ့ အသံထွက်လာသလို ကျွန်မလည်း အော်ဆိုတဲ့ အသံ ထွက်သွားမိတယ် ... ကျွန်မက ကျောင်းသူဟောင်း ... သူက ကျောင်းရဲ့ အားကိုးရတဲ့ စီနီယာတစ်ယောက်ပေါ့ ... ကျွန်မက သူ့ကို ပြုံးမပြမိပါဘူး ... သူကတော့ တကယ့်ရယ်ချင်တဲ့ပုံနဲ့ ကျွန်မကို ရယ်ပြတယ် ... နောက်သူ့ကို ကျွန်မတို့ section မှာ မကြာမကြာတွေ့လာရတယ် ... ကျွန်မကို ဆရာစလိုက်တိုင်း သူက ဝင်ထောက်ခံတယ် ... ကျွန်မကတော့ သူ့ကို အမြင်ကတ်မိတာပဲ ... ဒါပေမယ့် သိပ်မကြာခင်မှာဘဲ ကျွန်မစရိုက်အတိုင်း သူ့ကို လှိုက်လှိုက်လှဲလှဲ ခင်မိသွားရုံမက သူ့ကိုအားကျလာတယ် ... သူစရိုက်တွေကို ကလိချင်လာတယ် ... သူနဲ့ ခင်ပြီး သိပ်မကြာခင်မှာ သိရတာက သူက ကျွန်မကို မိုးရွာတဲ့နေ့က စေတနာနဲ့လာပြောတာကို ကျွန်မကရန်ပြန်တွေ့တဲ့အချိန်မှာပဲ ခင်သွားခဲ့တာတဲ့လေ ... သူ့ကို အဲလိုမျိုးပြောတာ မကြုံဖူးဘူးတဲ့ ... ရီစရာကြီးနော် ... သူကကျွန်မကို ထူးဆန်းတယ် ထင်သလို ကျွန်မကလည်း သူ့ကို ထူးဆန်း တယ် ထင်မိပါရဲ့ ...
သူမှာက ခင်ရတဲ့ သူငယ်ချင်းသိပ်မရှိဘူး ... ရှိတဲ့သူငယ်ချင်းတွေလည်း သူ့လိုပဲ စာဂျပိုးတွေ ... ဒါကြောင့် ကျွန်မရဲ့အနေအထိုင်တွေက သူ့အတွက် ထူးဆန်းနေတယ် ... ဆရာခရီးရက်ရှည်ထွက်သွားတော့ ရှိတဲ့section အားလုံးကို သူကပဲ စာတွေ သင်ရတော့ ကျောင်သားတွေက သူ့ကို ဆရာလို ကြောက်ကြတယ် ... မဟုတ်ဘူး ... ဆရာကိုထက် ကြောက်ကြတယ် ... ကျွန်မကတော့ သူ့ကို စကတည်းက ရန်တွေ့ထားတဲ့လူဆိုတော့ ကြောက်မနေတော့ပါဘူး ... ဆရာတွေကို ကြောက်တဲ့အကျင့်က ကျွန်မမှာ မရှိဘူး ... ဒါနဲ့သူ့မှာ ကျွန်မလို ဂျက်ပစီတစ်ယောက်ကို ခင်မိသွားတော့တာ ပေါ့လေ ... အခန်းထဲမှာ မုန့်မစားရပေမယ့် ကျွန်မက ခိုးခိုးစားတတ်တယ် ... အစက သူတားပေမယ့် တားမရတော့ သူ့ကိုယ်နဲ့ ကွယ်ထားပေးရတယ် ... သူလည်း ဝင်စားရင်းပေါ့လေ ... အဲသလိုကို သူကျွန်မကို ခင်ခဲ့တာပါ ... ကျွန်မ အိမ်နဲ့ ခရီးထွက်မယ်ဆိုတော့(၃ ရက်တည်းပါ) သူက မလိုက်ချင်ရင် မလိုက်သွားပါနဲ့လို့ပြောတယ် ... ကျွန်မလည်း သူ့ကို အနိုင်ကျင့်လို့ရတဲ့ တနင်္ဂနွေ တစ်ရက် ဆုံးရှုံးမှာကို ကြောက်ခဲ့တယ် ... မလိုက်ပါဘူးလို့ ပြောခဲ့ပေမယ့် လိုက်သွားခဲ့ရတယ် ... ဒါပေမယ့် ကျွန်မသိနေတာက သူမျက်နှာကြီးမဲပြီး ရှေ့ကခုံမှာ စက်ရုပ်လိုထိုင်နေမယ် ဆိုတာပါပဲ ... ကျွန်မက သူ့အတွက် ရယ်စရာလေးတွေရေးပြီး ချန်ခဲ့ပေမယ့် နွယ်က သူ့ကို မပေးရဲလို့ မပေးလိုက်ရပါဘူး ... ကျွန်မ ပြန်ရောက်တော့ ကျွန်မက သူ့ကို ငါးလေးတစ်ကောင် ဝယ်ပေးတယ်... ကျွန်မမွေးနေ့ အတွက် လက်ဆောင်ပေါ့... ကျွန်မက ကျွန်မမွေးနေ့မှာ သူငယ်ချင်းတွေကို မဲဖေါက် ပေးတယ်လေ ... သူ့ကို သဘောကျတဲ့ သူငယ်ချင်းကပြောတယ် နင့်ငါးကို သူအိမ်ရောက်ရင် လွင့်ပစ်လိုက်လိမ့်မယ်တဲ့လေ... ကျွန်မလည်း တကယ်ထင်မိတယ်... ဘာလို့ဆိုတော့ သူကပြောဖူးတာကိုး သူ့အချိန်တွေကို အလဟသ၁ပေးရမှာ နှမြောတယ်လို့လေ... ဒါကြောင့်လဲ ကျွန်မက သူ့အချိန်တွေ ယူကြည့်လို့ရအောင် ငါး လေးပေးလိုက်တာပါ... သူက နောက်တစ်ရက်မှာ မေးလာတယ်... ကျွန်မအိမ်ကို လာလည်လို့ ရမလားတဲ့လေ ... ရတာပေါ့လို့ပြောလိုက်တော့ သူအဲဒီနေ့ နေ့လည်ဘက် ရောက်လာခဲ့တယ် ... ပြီးရင် စကားတွေပြောဖြစ်တယ် ... သူပြောသွားတဲ့ အဓိကအကြောင်းက ငါလေးဖြစ်လို့ ကျွန်မပျော်သွားတယ် ... ပြီးရင် ငါးလေးအစာမစားတဲ့ အကြောင်း ... ပြီးရင် ငါးလေးကို နာမည်ပေးဖို့ မေးလာတယ် ... ကျွန်မကမှ မတွေးထားတာ ... ကျွန်မက ရုပ်ရှင်မင်းသားတွေ နာမည်ပြောတော့ မပေးဘူးတဲ့ သူ့မှာ နာမည်ရှိတယ်တဲ့လေ ... ဘာလဲ မေးကြည့်တော့ xx တဲ့ ... အဓိပါယ်မေးကြည့်တော့ ကျောင်းကိုလာမှ ပြောပြမယ်တဲ့ ... ကျွန်မလည်း ကျောင်းကို ရောက်တာနဲ့မေးကြည့်တော့ သူပြောတာကို ကျွန်မတောင် အံ့သြသွားမိတယ်လေ... 
xx က သူ့နာမည်ရဲ့ ရှေ့ဆုံးစာလုံးနဲ့ ကျွန်မနာမည် အဓိပါယ်ရဲ့ ရှေ့ဆုံးစာလုံးကို ပေါင်းထားတာတဲ့ ... ကျွန်မ တကယ် အံ့သြသွားမိတယ် ... သူက ငါးလေးကို အရမ်းဂရုစိုက်တာတွေ့ရတော့ ကျွန်မစိတ်မကောင်းဖြစ်မိတယ် ... သူ့ကို တကယ့်စိတ်ရင်းနဲ့ ပေးခဲ့ပေမယ့် အချိန်တွေကို ဖဲ့ယူကြည့်မယ်ဆိုတဲ့ အတွေး ပါသွားမိတာကိုလေ ... သူလေ ငါးလေး အစာစစားတဲ့နေ့က ကျွန်မကို ပြောနေလိုက်တာ ... ဒီလိုနဲ့ ကျွန်မတို့ နှစ်ယောက် ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ ခင်မင်ခဲ့ကြတာ ရက်တွေမကြာပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးရင်း ခင်ခဲ့ကြတာ ... သူက ကျွန်မကို မှတ်ချက်ပေးတယ် ကလေးမကျ လူကြီးမကျ တန်းလန်းလေးတဲ့လေ ... ဒီလိုနဲ့ တစ်နေ့မှာ ကျွန်မတရားစခန်း ၁၀ ရက်ဝင်သွားပြီး ပြန်ထွက်အလာ သူရန်ကုန်ကိုသွားရမယ့်အကြောင်း ပြောတယ် ... သိပ်မကြာပါဘူး ... ရန်ကုန်ကို ထွက်သွားတယ် ... ကျွန်မကို နှုတ်တောင်ဆက်မသွားပါဘူး ... ကျွန်မသိနေတယ် ... မနက်ဖြန် သူသွားမယ်ဆိုတာ ... သူက နှုတ်ဆက်မယ် ထင်ခဲ့တာကိုး ... သူက တွေ့တာတောင် အိမ်ကိုခဏပြန်လိုက်ဦးမယ် ခဏလေးနေရင် သူလာမယ် လို့ပြောပြီး ထွက်သွားတာ ... ကျွန်မ သူ့ကို စောင့်နေခဲ့တာ မိုးချုပ်သွားတယ် သူနဲ့မတွေ့ခဲ့ပါဘူး ... သူ့ခဏလေးက သူရန်ကုန်ကိုထွက်သွားတာပါပဲ ....



သင်းချို

0 comments:

Post a Comment