ဒီလိုပဲ သူငယ်ချင်းတွေနဲ့ကျောင်းသွားလိုက် လျှောက်သွားလိုက်နေရင်းက ကျွန်မဆီကို သူ့အစ်မရောက်လာတယ် ... သူကစိတ်မဆိုးဖို့ ပြောပေးပါပြောလို့တဲ့ ... စိတ်မဆိုးပါဘူးလို့ ပြန်ပြောလိုက်ပါတယ် ... သိပ်မကြာခင်မှာဘဲ သင်တန်းက ဆရာဆီကိုရော တခြားလူတွေဆီကိုပါ စာတွေရောက်လာတယ် ... ကျွန်မဆီကိုရောပေါ့ ... စိတ်မကောင်းဖြစ်နေခဲ့တာတွေ သူ့စာကို မြင်တော့ ပျောက်သွားတယ် ... သူကျွန်မကို မေ့မသွားတာကို သိလိုက်တာကိုး ... ဒီလိုနဲ့ သူ့ဆီကစာတွေ သင်တန်းကတဆင့် ရောက်ရောက်လာတတ်တေ ... နောက်ကျတော့ ကျွန်မအိမ်လိပ်စာနဲ့ရောက်လာတော့တယ် ... သူစာပို့တာ ကျွန်မတစ်ယောက်တည်းကို မို့လို့ သင်တန်းကတဆင့်မပို့တော့တာတဲ့ ... ကျွန်မကတော့ အလုပ်ဝင်လုပ်နေပြီ ... သူကစာရေးလိုက် ကျွန်မက ပြန်ရေးလိုက် ... ဒီလိုနဲ့ တစ်နှစ်လောက်ကြာသွားတယ် ... ဒီဇင်ဘာလကုန်လောက်မှာ ကျွန်မ ရန်ကုန်ကို အပြီးသွားရတော့တယ် ... ကျွန်မ မသွားချင်ခဲ့ဘူး ... သူငယ်ချင်းတွေက ကျွန်မအတွက် နှုတ်ဆက်ပွဲတွေ လုပ်ပေးကြတယ် ... အရမ်းဝမ်းနည်းခဲ့ ပေမယ့် ရန်ကုန်ကိုလာခဲ့ရတယ် ...
ရန်ကုန်ကိုရောက်တာနဲ့ အမေနဲ့ ကျွန်မလုပ်စရာ သွားစရာတွေ များနေတော့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်သေးဘူး ... ကိစ္စတွေ ပြီးသွားလောက်မှ ဇန်နဝါရီ လကုန်လောက်မှ ကျွန်မချစ်ရတဲ့ အစ်မဆီကို သွားလည်တယ် ... အဲဒီနေ့မှာပဲ သူ့အကြောင်းတွေ ကြားခဲ့ရတယ် ... ကျွန်မပြောခဲ့ပါတယ် ရောက်နေတာကို မပြောဖို့ ... ဒါပေမယ့် နောက် ၂ရက်လောက်မှာပဲ သူကျွန်မအိမ်ကို ရောက်လာခဲ့တယ် ... တံခါးခေါက်လို့ သွားဖွင့်မိတဲ့ ကျွန်မက အံ့သြနေမိတယ် ... သူကတော့ ပြုံးပြုံးပဲ ... ဒီလိုနဲ့ သူနဲ့ကျွန်မ ပြန်အဆက်သွယ်ရခဲ့တယ် ...
နောက်တစ်ပတ်လောက်အကြာမှာပဲ အမေက ရန်ကုန်ကနေ ပြန်သွားတယ် ... အိမ်မှာ ဦးလေးနဲ့ ကျန်နေခဲ့ရတယ် ... ဦးလေးက အလုပ်ကို သွား သူငယ်ချင်းတွေနဲ့သွားတော့ ကျွန်မလည်း သွားချင်ရာကို သွားတော့တာပဲ ... ဒါပေမယ့် ကျွန်မကို ခြေချုပ်မယ့်သူရောက်လာပြန်တယ် ... လျှောက်သွားပြီးပြန်လာတဲ့တစ်နေ့ သူက ကျွန်မအိမ်ကို ရောက်နေတာတဲ့ ... ကျွန်မပျင်းပျင်းနဲ့လမ်းလျှောက်လာတော့ ရှေ့တည့်တည့်ကတစ်ယောက် လမ်းလျှောက်လာတယ် ... ပြုံးပြတယ် ... အသေချာကြည့်လိုက်မှ သူဖြစ်နေတာကိုး ... အဲဒီနေ့ကတည်းက သူက ကျွန်မရဲ့ ခြေချုပ်ဖြစ်သွားတယ် ... သွားစရာရှိရင် သူလာခေါ်ပေးတယ် ... ကျောင်းတွေ သင်တန်းတွေ စုံစမ်းစရာရှိရင် သူလိုက်ရှာပေးတယ် ... ကျွန်မတစ်ယောက်တည်းဘဝက လွတ်သွားတယ် ... လုပ်စရာတွေမရှိရင် ဖတ်ရအောင် စာအုပ်တွေသူယူလာပေးတယ် ... ကျွန်မကို သူပဲ အစစအရာရာ နေတတ်အောင် သင်ပေးခဲ့တာပါ ... ကျွန်မငိုရမယ့် ကိစ္စတွေရှိရင် မငိုဖြစ်အောင် သူရှာကြံပေးခဲ့တယ် ... စိတ်မကောင်းတာကို မပြောဘဲသိနေတတ်ခဲ့တယ် ... အဲဒီအချိန်တွေဆိုရင် ကျွန်မနဲ့ ရန်ဖြစ်ဖို့ အကြောင်းတွေ သူဖန်တီးပြောတော့တယ် ... အပျော်ရန်ဖြစ်နေလိုက်ရင် လျှောက်သွားနေလိုက်ရင် ကျန်တာတွေ မေ့သွားတတ်တာကိုး ... အရမ်းကြိုက်တဲ့နေရာတစ်ခုရှိတယ် ... သိမ်ကြီးဈေးတံတား ... ညနေ ၇ နာရီကျော်လောက်ဆိုရင် လူမရှိတော့တဲ့ အဲဒီနေရာမှာ အရမ်းနေလို့ကောင်းတယ် ... လေကတိုက် အကာအရံတွေလည်းမရှိတဲ့ ဒီနေရာက ကျွန်မစိတ်ကို လွတ်လပ်မှုပေးတဲ့နေရာကောင်းလေးတစ်ခုပါ ... သူနဲ့ကျွန်မ သစ်သီးတွေဝယ်ပြီး အဲဒီနေရာလေးမှာ သစ်သီးလုစားရင်း အောက်ကဘတ်စ်ကားတွေ ဖြတ်သွားရင် လိုက်အော်ရင်း . လောကကြီးကိုငုံ့ကြည့်ကြပါရဲ့ ... ဒီလိုနဲ့ပဲ ကျွန်မတို့ အရမ်းကို နားလည်တွယ်တာ ခင်ခဲ့ကြတာပါ ...
ကျွန်မတို့ နှစ်ယောက်ခရီး နည်းနည်းရှည်တာတစ်ခုသွားဖူးတယ် ... မနက်အစောကြီးထထွက်သွားကြတာ ည၈နာရီခွဲလောက်မှ ပြန်ရောက်ကြတာပါ ... တကယ်ဆိုရင် ခရီးက ကြမ်းပါတယ် ... ကျွန်မခြေထောက်တွေနာလွန်းလို့ မျက်ရည်ကျမိပါရဲ့ ... ဒါပေမယ့် မမောခဲ့ကြပါဘူး ... အဲဒီနေ့က သင်္ဘောစီးရတယ် ... ကားလည်းစီးရတယ် ... ဆိုင်ကယ်လည်းစီးရတယ် ... ဆိုင်ကယ်ပေါ်မှာပဲ သူကျွန်မကို ချစ်နေတာကို ကျွန်မသိခဲ့တာပါ ... ဒါပေမယ့် ကျွန်မတို့က သူငယ်ချင်းတွေပဲလေ ... ကျွန်မက အဝေးကြီးကို ထွက်သွားဖို့ ကြိုးစားနေတဲ့လူ ... သူမကြာမကြာပြောတတ်တာက ဘယ်အချိန်ပြန်လာမလဲ ... ပြန်လာရင်ကော ဒီအတိုင်းရှိဦးမလား ... ကျွန်မက ပြန်ဖြေခဲ့တယ် ... နောက် ၅နှစ်လောက်ကြာမယ်ဆိုတော့ အသက်တော့ ၅နှစ်ကြီးပြီပေါ့လို့လေ ... သူက ရယ်ပြီးတော့ အိမ်ထောင်တွေကျနေမလားလို့မေးတာ လို့ပြောပါတယ် ... ကျွန်မက ငါနောက်၅နှစ်အတွင်းအိမ်ထောင်တော့ မကျလောက်သေးပါဘူးလို့ ပြောခဲ့တယ် .. သူက နောက်၅နှစ်ကျရင် ပြောစရာရှိတယ်လို့ ပြောခဲ့ပါတယ် ... ကျွန်မအံ့သြသွားတယ် ... နောက် ၅နှစ်ကျမှ ပြောရမယ့်စကားကို သူဘယ်လိုကြိုသိနေလဲလို့် ... ဒါပေမယ့် မမေးခဲ့ပါဘူး ... ဒီလိုပဲ နက်နက်ရှိုင်းရှိုင်း ခင်ခဲ့ကြတာပါ ...
မိုးရွာကြမ်းတဲ့နေ့ တစ်နေ့မှာပေါ့ သူ ကျွန်မအတွက် အရမ်းစိုးရိမ်နေခဲ့တယ် ... ဆိုင်တစ်ဆိုင်မှာထိုင်နေကြရင်းက ကျွန်မဖျားနေတော့ အရမ်းကြီးကို အေးစက်နေတဲ့ ကျွန်မလက်ဝါးတွေကို သူ့လက်ချောင်းတွေနဲ့ ပွတ်ပေးခဲ့တယ် ... ကျွန်မအံ့သြသွားတာက သူ့လက်ချောင်းက အနွေးဓါတ်နဲ့ သူမျက်လုံးက အနွေးဓါတ်တွေပါပဲ ... သူကျွန်မကို အိမ်ကို ပို့ပေးခဲ့ပြီး အနားယူအောင်စောင့်ပေးခဲ့တယ် ... အဲဒီနေ့မှာပဲ ကျွန်မခံစားသိလိုက်တာက ကျွန်မကို သူချစ်သလို ကျွန်မလည်း သူ့ကိုချစ်မိပြီဆိုတာပါပဲ ....
အဲဒီနေ့ကလည်း မိုးရွာပြန်ပါပြီ ... မိုးကြိုးတွေပစ်ပြီးတော့ကို ရွာတာပါ ... ကျွန်မတို့ နှစ်ယောက်လုံး ပလာဇာကို အသွားမှာ ချစ်သူတွေမဖြစ်သေးပါဘူး ... ဖိနပ်တွေလျှောက်ဝယ်ရင်းနဲ့ မုန့် ဝင်စားရင်း ချစ်သူတွေဖြစ်သွားကြတာပါ ... အဲဒီက ပြီးတာနဲ့အိမ်ကို မပြန်ကြဘဲ ဘုရားကို သွားခဲ့ကြပါတယ် ... မိုးကို ကြိုက်ပြီး မိုးကြိုးကို ကြောက်တဲ့ ကျွန်မဟာ အဖော်ပါရင် မိုးရေထဲလျှောက်သွားပြီး အဖေါ်မပါရင် မိုးကြိုးပစ်တာနဲ့ လမ်းဘေးမှာ ထိုင်ငိုတတ်ပါတယ် ... အဲဒီနေ့ကပစ်တဲ့ မိုးကြိုးအားလုံးကို သူ့ကိုယ်နဲ့ ကာခဲ့မိတယ် ... သူက ရယ်ပါတယ် ... ကျွန်မရင်ဘတ်ထဲကို အေးခနဲ ဖြစ်သွားစေတဲ့ဟာက ဘုရားမှာ သူ့ခြေသန်းလေးနဲ့ ကျွန်မခြေသန်းလေးကို လာထိတဲ့အချိန်ပါပဲ ... တကယ့်ခဏပါပဲ ... ဒါပေမယ့် မိုးကြောင့်ပဲ အေးသလား ၊ သူ့ခြေကပဲ အေးသလား ၊ ကျွန်မရင်ထဲအေးစိမ့်သွားခဲ့တာအမှန်ပါ ... ပြီးတော့ သူ့ကို ပြန်မကြည့်ရဲလောက်အောင် ထူးထူးခြားခြား ရှက်မိသွားတာပါပဲ ... ကျွန်မရှက်တာကို ဒီတစ်ခါပဲမြင်ဖူးတဲ့အတွက် သူအရမ်းသဘောကျနေခဲ့တယ် ... နောက်တစ်နေ့စောစော အိမ်ကိုလာပြောတာက ညက သူ ရင်တွေခုန်ပြီးထူးဆန်းနေလို့ လုံးဝအိပ်လို့မရဘူးတဲ့လေ ... အိပ်မက်လိုထင်နေမိလို့ သူ့ဟာသူရိုက်ကြည့်မိပါသေးသတဲ့ ... ဒီအပြုအမူကပဲ ကျွန်မတို့ ချစ်သူဖြစ်သွားတဲ့ အထိမ်းအမှတ်ထင်ပါရဲ့ ... ဒီလိုနဲ့ အဲဒီနေ့ ညနေစောင်းလောက်မှာတောင် အိမ်နားက လမ်းတွေမှာ လေတိုက်ကြမ်းတဲ့အထဲ ကျွန်မတို့ နှစ်ယောက်လမ်းလျှောက်ကောင်းတုန်းပါပဲ ... ဒီလိုပဲ ကျွန်မတို့ ဖြူဖြူစင်စင်ချစ်ခဲ့ကြတာပါ ... ဒီလိုနဲ့ .... ဒီလိုနဲ့ ... မိုးရွာထဲကသံယောဇာဉ်တွေက မိုးနဲ့အတူပါသွားတယ်ထင်ပါရဲ့ ... မိုးလည်း စဲရော အိပ်မက်က နိုးထလာခဲ့သူလိုပါပဲ ကျွန်မအနားက နေရာတွေမှာ သူ့ခြေရာတွေထင်ပါရဲ့ ရင်ဘတ်ထက်မှာရောသူ့ခြေရာတွေလား ... သူကတော့ ဟိုးတစ်ခါ တုန်းကလို နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပါတယ် .. ဒီတစ်ခါ သူထွက်သွားခဲ့တာက တစ်ဘဝစာပါ ... ကျွန်မလည်း မခေါ်ဘဲရောက်လာပြီး မနှင်ရပါဘဲ ထွက်သွားသူကို လိုက်မရှာမိအောင်ကြိုးစားနေခဲ့ပါတယ် ... ကျွန်မအတွက် ဒါတွေက မိုးတစ်ညက အိပ်မက်တွေလိုပါပဲ ... မိုးရွာထဲမှာ တစ်ယောက်တည်းလမ်းလျှောက်တတ်လာခဲ့တယ် ... အိပ်မက်တွေလည်းဝေဝါးလာခဲ့ပါတယ် ... ကျွန်မလည်း ခရီးတွေဆက်ရဦးမယ်လေ ....
သင်းချို
Labels: ESSAY
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment