မိုးနည်းရပ်ဝန်း

Monday, December 20, 2010

တကယ်တော့ မိုးနည်းတာမဟုတ်ပါဘူး ... မိုးကို မရွာတာ ... ခြောက်ခမ်းပြီး ကြွေကျကုန်တဲ့ စိတ်ဓါတ်တွေ ... တစ်ရွက်ပြီးတစ်ရွက် တစ်ရက်ပြီး တစ်ရက် ... ဒီနေရာ ဒီဒေသအတွက် ရင်းနှီးမြှုပ်နှံခဲ့ရတဲ့အရာတွေ ... ဘာတွေများ ပြန်ရခဲ့တာ ရှိလို့လဲ ... တစ်ခုပဲ သံယောဇာဉ်ဆိုတာရဲ့ တန်ဖိုးကို သိလာခဲ့တာရယ်၊ ဘဝ ဆိုတာကို အမျိုးစုံ မျက်ဝါးထင်ထင်မြင်ဖူး ကြုံဖူး ဆုံဖူး တာပါပဲ ... ဒါတွေကို ရဖို့ ပေးဆပ်လိုက်ရတဲ့ အင်အားတွေက ငွေ၊ အချိန်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ နွေးထွေးတဲ့မေတ္တာရိပ်တွေ ... အထီးကျန်တယ် ဆိုတာ ဘာရယ်လို့ မတွေးဘဲကို နေ့တိုင်းလိုလို ဖြတ်သန်းလာခဲ့တာ ... တစ်ရက်စီ တစ်နာရီစီတိုင်းမှာ တဖြည်းဖြည်းချင်း သက်ရှိလူက သေဆုံးနေပြီးတော့ စက်ရုပ်လို အရာတစ်ခု အစားဝင်လာနေပါတယ် ... ဒီလိုနဲ့ပဲ လောကကြီးမှာ ကြင်နာတတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတွေရှားပါးကုန်တယ်ထင်ရဲ့ ... ပါးပါးလှပ်လှပ်အပြုံးတွေအောက်က ထက်လှတဲ့ ဓါးသွားတွေ ကပ်ညှိတတ်ဆင်ထားတတ်လာကြတယ် ... ဒီလိုပဲ ရလိုမှုတစ်ခုအတွက် ပေးဆပ်ခဲ့လိုက် စတေးခဲ့လိုက်ပြီးမှ နောက်ဆုတ်ဖို့ခက်တဲ့ လမ်းကြောင်းပေါ်မှာ ခံစားချက်မပါဘဲ နေသားတကျဖြစ်ဖို့ ပြင်ဆင်ကြိုးစားလာနေကြရတယ် ... ပြောပြဖို့တောင်ခက်ခဲတဲ့ လောကဓံတွေကို အံကြိတ်ခံပြီး ဖျက်ဆီးခြွေချဖို့ တဖြည်းဖြည်းချင်း သင်ယူခဲ့ကြရတယ် ... တစ်ရက်ပြီးတစ်ရက် အပြုံးတွေက လှပထက်မြက်လာကြတယ် .. အကြည့်တွေက စူးရှလာကြတယ် ... လက်ဆွဲနှုတ်ဆက်တတ်လာကြတယ် ... မျက်ရည်တွေ အေးခဲကုန်ကြတယ် ... ရင်ထဲမှာ ဂလိုဏ်ပေါက်ကြီးတွေလို ဟာလာဟင်းလင်းနဲ့ ရှေ့ကိုဆက် >>>> .... တွေ့ရင်ပြုံးပြနှုတ်ဆက် ... ဟိုဘက်လှည့်လိုက်တော့ ပြန်သေသွားတဲ့ မျက်နှာတွေ ... လိုချင်တာတွေက ဒါတွေလား ... ပြန်ရတာနဲ့ ပေးလိုက်ရတာ တန်ရဲ့လား ဆိုတာ ပြန်မတွေးကြေး ... ကိုယ်စီ အသိ ကတိတွေနဲ့ ... ဘယ်သူမှ ဘယ်သူ့အတွက် ငိုပေးကြတယ်မရှိ ... ဖြစ်လာတဲ့ အရာအားလုံးက နေသားတကျအတိုင်း ... ရင်ဘတ်ချင်းပေါင်းဖက်ကြတယ်မရှိ ... ဒီလိုပဲ အဆင့်အတန်းချင်းပေါင်းဖက်ကြလေရဲ့ ... မျှော်လင့်ချက်ကို ထားကြတယ် ... ခံစားချက်တွေကို သတ်ပစ်ကြတယ် ... ဒီလိုနဲ့ ဒီလိုနဲ့ ဒီရပ်ဝန်းမှာ မေတ္တာတရားတွေ ခမ်းခြောက်၊ အငွေ့လည်းမပျံတော့ တစ်ယောက်ပေါ်တစ်ယောက်လည်း စေတနာမိုးတွေ မရွာနိုင်ကြ ၊ စာနာမှုအသိစိတ်တွေလည်း တဖြည်းဖြည်းကြွေကျ ... တကယ်တော့ မိုးနည်းတာမဟုတ်ပါဘူး ... လူသားဆန်တဲ့ စိတ်တွေ တဖြည်းဖြည်းခြောက်သွေ့ ကြွေကျလောက်အောင်ကို မိုးမရွာတာပါ ....

ဘာကြောင့်လဲ နဲ့ တစ်ရက်တာ

Thursday, December 2, 2010

ကျွန်မ ဟင်းလင်းပြင်ထဲကို စီးမျောနေပါသလား ... မွမ်းကျပ်လွန်းတဲ့ အမည်းရောင်ကြားမှာ နစ်မြုပ်နေတာလား ... ဒါမှမဟုတ် စူးရှလွန်းတဲ့ အဖြူရောင်တွေလား ... ကိုယ့်ကိုကိုယ်တောင် ပြန်သုံးသပ်မရဘူးဖြစ်နေတယ် ... ကျွန်မမှာ မရှိတဲ့ ပိုက်ဆံတွေအတွက် ဝမ်းနည်းနေတာလား ... ခုနက မြင်ခဲ့ရတဲ့ လျှော်လဲသွားတဲ့ အဘွားကြီး အတွက် ခံစားရတာလား ... ဘာမှရေရေရာရာ မရှိ ... အဘွားကြီးလဲကျတာကို မတွေ့ခင်မှာတော့ ကျွန်မက လက်ထဲမှာနာရီပိုင်းလောက် ကိုင်တွယ်ခွင့်ရခဲ့တဲ့ လုပ်အားခတွေအတွက် တစ်ခုခု ခံစားနေခဲ့ရသလိုပဲ ... အဲဒီအကြောင်းကိုတွေးရင်းနဲ့ ကျွန်မလမ်းလျှောက်ပြန်လာခဲ့တာပါ ... ဒါပေမယ့် ကျွန်မအတွေးဘယ်မှာဆုံးမှန်းတောင် မသိလိုက်ပါဘူး ... ကျွန်မရှေ့မှာ အဘွားကြီးတစ်ယောက် ခြေချော်လဲကျသွားတယ် ... ခေါင်းနဲ့တိုင်နဲ့တောင် ဆောင့်မိသွားတယ် ... ကျွန်မ ခဏတာ ဆွံ့အသွားတယ် ... ပြီးမှ သွားထူပေးမိတယ် ... ဒါပေမယ့် ကျွန်မအားနဲ့ ထူမရဘူးဖြစ်နေတယ် ... လူတွေလာပြီး ကူထူပေးတယ် ... အဘွားကြီးက ကျွန်မကို စကားတစ်ခွန်းပြောတယ် ... ဘာပြောတာလဲ ကျွန်မ မသိဘူး ... ကျွန်မသိတာက ကျွန်မကော အဲလိုလဲကျမလား ... ပြီးရင် ကျွန်မလဲကျရင်ကော ဘယ်လို ဖြစ်မလဲ ... ငိုမိမလား ...လူတွေက လာထူပေးမလား ... ဘာပဲဖြစ်ဖြစ် မလဲကျတော့ မလဲကျချင်ဘူး ... တွေးရင်နဲ့ ရင်ထဲမှာ ဝမ်းနည်းသလိုပဲ ... ဒါတွေကို ကျွန်မတောက်လျှောက်ကြီး စဉ်းစားလာတာ ... ပြီးမှ တစ်ခါတွေးမိပြန်တယ် ငါဘာလို့ ဒါတွေကို တွေးနေရတာလဲ ... ဒါတွေက ကြိုတွေးနေစရာမှ မလိုတာ ... ငါဟာ သူများတွေပြောသလို စိတ်ကျရောဂါဖြစ်နေတာလား ... သြော် ဒါကိုတွေးမိရင်တော့ ငါဟာ စိတ်ကျရောဂါ ဖြစ်တာ မဟုတ်နိုင်ဘူး ... အဲသလိုလည်း ပြန်တွေးလိုက်မိသေးတယ် ... ပြီးတော့ မှ ခုငါရောက်နေတာ ဟင်းလင်းပြင်ကြီးလား ... ဒါမှမဟုတ် ပိန်းပိတ်အောင်မှောင်နေတဲ့ အခန်းကျဉ်းလား ... ငါဟာ အဆုံးအစမရှိတဲ့ နေရာကို သွားချင်လိုက်တာ ... အဲဒီနေရာကို ရောက်သွားရင် ဒါတွေထဲက လွတ်သွားမလား ... ဆရာတွေရှိတာပဲ ... အရှင်ဘုရားတွေ အားနာစရာကောင်းလိုက်တာ ... အဆုံးအစမရှိတာက ငြိမ်းချမ်းရာ လွတ်မြောက်ရာမဟုတ်ဘူးလေ ... အဆုံးရှိမှ အသစ်ပြန်မဖြစ်တော့မှ ငြိမ်းချမ်းမယ့် တရားတွေမလား ... ငါ တရားတွေနာဖူးသားပဲ ... တရားလည်း ထိုင်ခဲ့တာပဲ ... ဘာလို့ ခုလို ဆောက်တည်ရာ မရ ဖြစ်နေရတာလဲ ... ဘာကြောင့် ငါဒီလို ဖြစ်ဖို့ လိုလဲ ... ဒါတွေကိုပဲ တွေးပြီး ဒီလိုပဲ ပြန်သံသရာ လည်နေလိုက်တော့တယ် .... ဘာကြောင့်လဲ ဆိုတဲ့ အထဲက မထွက်နိုင်သေးတဲ့ ကျွန်မ ဘာကြောင့်လဲ ထဲမှာပဲ ပြန်တဝဲလည်လည် နဲ့ ....

အမည်းရောင် အတ္ထုပတ္ထိ

Wednesday, November 24, 2010

အမည်းရောင် အတ္ထုပတ္ထိ

ကိုယ်တိုင်ရီးခွင့်မရရေ အတ္ထုပတ္ထိမှာ
အချိန်တစ်ခုရောက်ကေ အမှတ်စတစ်ခုက
အဖြစ်ပျက် တစ်ခုစီအန်ထွက်ကျရေ ...

ဘဝက မခက်ခဲပါဘူး ...
ဘဝမှာ ရှင်သန်ဖို့က ခက်ခဲရေ ...
ဘဝမှာ ရှင်သန်ဖို့ မခက်ခဲပါဘူး ...
ရလာရေ အဆိုးအကောင်းနန့်
နီသားတကျ စီးမြောဖို့ ခက်ခဲရေ ...

အေရင်ဘတ်ထက်မှာ
ဇောက်မနက်တေ ဆင်ခြင်တုံတရားကိုခြင်းဗျာယ်
ကိုယ့်စော်ကိုယ် လယ်ထွန်မှားခလို့
မျိုးစေ့တိကို
လက်ထဲမှာရာ ကျစ်ပါအောင်ဆုတ်ကိုင်ထားရယင့် ...
မကြဲချဗျာယ် ...
ဒေရပ်ဝန်းမှာ
င့ါအတွက် မိုးခေါင်ရေ ...

အပြန်ရခက်တေ ခရီးလမ်းမှာ
အနောက်က ဖျက်ခမိရေဖောင်တိအတွက်
နောင်တ ရရဖို့လား ???
မထူးရေတတူ
မျက်စိကို စုံမှိတ်လို့ သတ္တိရှိဟန်ဆောင်လိုက်မယ် .....


သင်းချို

အရဲရင့်ဆုံး သတ္တိ

Thursday, November 11, 2010


၁၆ , နိုဝင်ဘာ ၁၉၈၅ ညည့် ၉ နာရီအချိန် .........
သင်းချို လူ့လောကကြီးကို ဝင်ဖို့အားယူလိုက်တေအတွက်နန့် မေမေ ၊ ပါပါ နန့် ကိုကြီး စစ်တွေမြို့ ဆေးရုံကြီးကို မြန်ဆန်ရေ ခြီလှမ်းတိနန့် လှမ်းဝင်လိုက်ကတ်တေ ... သင်းချိုမေမေက နာကြင်မှုတိကို သည်းခံအောင့်အီးလို့ ။ ပါပါက ဆေးရုံတက်ဖို့လိုအပ်တေ အရေးပေါ်အိတ်ချေနန့် ဘေးနားမှာ သားချေကို လက်ဆွဲလို့ .... သင်းချိုကို လူသားချေ အဖြစ်လက်ခံဖို့ လုံလောက်တေ လူအင်အား ၃ယောက် ...
မေမေကို ဆေးရုံ မွီးခန်းဝင်အောင်စောင့်ပီးပြီးကေ လိုအပ်တေ ဆီးတိ ဝယ်ပီးပနာ မွီးလူနာဆောင်ကို ဝင်ခွင့်မရရေ ပါပါနန့် ၄ နှစ်သားအရွယ် ကိုကြီး .....
* * * * *
ည ၁၁ နာရီခွဲဆိုရေ အချိန် လမ်းတစ်လျှောက်လုံးမှာ တိတ်ဆိတ်မှုတိနန့် ညအမှောင်ထဲမှာ သားချေကို ရွက်လို့ ဆေးရုံကြီးက ပြန်အလာလမ်းမှာ ရင်ထဲက စိတ်မချစော်ချေတိကို မြိုသိပ်ပနာ စိတ်ထဲမှာတော့ အင်္ဂုလိမာလသုတ်ကို အကြိမ်ကြိမ် အခေါက်ခေါက်ရွတ် ၊ အတည့်ရွတ် ၊ အပြန်ရွတ် ၊ ကြားပေါက်ရွတ် ......
သားချေက တိတ်ဆိတ်နိန်ရေလမ်းမှာ နှစ်ယောက်တည်းပြန်လာရစော်ကို ပျော်နိန်ရေဟန်နန့် သူကြိုက်တေ ဒုံးတေးခင်းကို ဂျီကျပနာ ဆိုခိုင်းရေ ... သားချေကို ကျိတ်လို့ ဖက်ပနာ ရင်ထဲက အပူကြီးကို ဝှက်ယင်းနန့် “ဦးမြဝါ လေးစားပါယင့် ........ ... ...” အစချီပနာ တစ်လမ်းလုံး ဆိုလာခရစော် ..... သူလေ့ စကားမပီတပီ ဝင်ဝင်ဆိုယင့်...... ပါပါ ရင်ထဲက ပူလောင်မှုတိ သားချေကို မကူးစီချင် ၊ မမြင်စီချင် .... အေနိန့်မှ လမ်းက ပိုရှည်နိန်လာ ... အေလောက်ရှည်လျားပြီးကေ လှမ်းရခက်တေ လမ်းမျိုး ၂၆ နှစ်တာ ဘဝတစ်လျှောက် တစ်ခါလေ့ မကြုံရသိလေ ......
မှောင်မဲနိန်ရေ လမ်းတစ်လျှောက်မှာ သားချေကိုရွက်လို့ ဒုံးတေးခင်းဆိုပနာ လက်နှိပ်ဓါတ်မီးချေ အားကိုးနန့် လမ်းလျှောက်လာယင်း ရင်ထဲက အပူတိ ငွေ့ရည်ဖွဲ့ရွာကျလာရေ မျက်ဝန်းမိုးက လမ်းမကြီးမှာ တစ်စက် ၊ တစ်စက် .... လမ်းကို ကြည့်နိန်ရေ မျက်လုံးထဲက အမြင်အာရုံမှာ နာကြင်မှုကို သည်းခံ အံကြိတ်ထားရေး ၂၅ နှစ်အရွယ် အိမ်ရှင်မပုံရိပ်တိနန့် ....

* * * *
လောကကြီးကို ခြီချဖို့ ဝမ်းထဲကအချေ အားယူမှုတိနန့် တတူပါလာရေ နာကြင်မှုတိကြောင့် ဆေးရုံမွီးခန်းကို ရောက်လာခပြီးမှ နာကြင်မှုတိ ပြန်သက်သာလားရေ .... ဆေးရုံမျက်နှာကြက်ကို ကြည့်ယင်းနန့် ဆို့တက်လာရေ ဝမ်းနည်းမှု ၊ အားငယ်မှုတိကို မြိုချထားလိုက်တေ .... အနာသက်သာခါမှ အိမ်ရှင်နန့် သားချေ ဇာပိုင်ပြန်ခကတ်လေ စဉ်းစားမိကေလေ့ တစ်ခါပြန် ဝမ်းနည်းလာပြန်ရေ ... အချေကတော့ကေ အိပ်ချင်နိန်လီဖို့ဗျာယ် ... ကိုယ်တိုင်လုပ်မပီးနိုင်လို့လည်း စိတ်ထဲမှာ ဆို့နိန်ရေ .... ယကေလေ့ အိမ်မှာက သူ့ကို ချစ်ကတ်တေလေ ... အဆင်ပြေလားလိမ့်မယ် .... ဇာပိုင်ရာ ပြန်ခကတ်လေဂု .... အိမ်မှာဆိုလို့ အိမ်က ယောက္ခမအိမ် ... ရောက်မနန့် မတိတိလေ့ ရှိရေ .. ခဲအိုနန့် အိမ်ရှင်မတိလေ့ ရှိရေ ... သူရို့အသိုင်းအဝိုင်းမှာ အားလုံး ဘွဲ့ရ ၊ စာတတ်တိ ဖြစ်လို့ ၁၀ တန်းအောင်အောင် စာမသင်ခရရေ ကိုယ့်ကို သူရို့သားချေ အလိမ္မာနန့် သဘောမတူပီးနိုင် စော်ကိုလေ့ နားလည်ပါရေ ... အိမ်ထောင်ကျလို့ သားချေရာ ၄နှစ်ဖြစ်လားရေ အဂုထိ မကြည်ဖြူနိုင်ကတ်သိလေ ... အေနိန့်လေ့ နိုင်ငံတကာ သတင်းကြည့်ဖို့ဆိုပနာ အားလုံးအပြင်ကို လားခကတ်လို့ ဆေးရုံကို လာခါတောင် သားချေကို မထားခနိုင် .... စဉ်းစားမိကေလေ့ မျက်ရည်ကျ လာပြန်ရေ ....
ဝမ်းထဲကလေ့ တစ်ဆစ်ဆစ် နာလာပြန်ရေ .... သြော် မေမေကို တမ်းတမိပြန်ရေ ... ငိုလို့မဖြစ် ... ဝမ်းနည်းလို့လေ့မဖြစ် ...
အခုမွီးလာဖို့အချေ အတွက် ငိုလို့က မဖြစ်လေ ... သူ့အမိဖြစ်ဖို့ လုံလောက်တေ သတ္တိနန့် အချေတစ်ယောက်ကို ပျိုးထောင်ဖို့ စွမ်းရည်တိကို အဂုကတည်းက ခံနိုင်ရည်အပြည့်နန့် ပျိုးထောင်ထားရဖို့ မဟုတ်လား .... အချေကို စဉ်းစားမိစော်နန့် သတ္တိရှိလာရေ ... နာကြင်မှုကြားကပြုံးလေ့ ပြုံးမိရေ .... သားလား သမီးလား မသိရသိရေ အေအချေအတွက် လုံခြုံမှု အပြည့်အဝ ပီးနိုင်ရေ အမိအဖြစ်ရာ ငါရှင်သန်ရဖို့လေ ...
အေအချေအတွက် သူ့အနာဂတ်တိအတွက် အေမေမေကို ရွီးချယ်ခရေ အချေအတွက် လုံးဝမျက်ရည်မကျဘဲနန့် ငါတစ်သက်လုံး စောင့်ရှောက်နိုင်ရဖို့ .... သြော် ကျေးဇူးတင်ရေအချေ ... အေမေမေကို သတ္တိတိပီးလို့ .... အေအမိ ဘဝထဲကို ဝင်လာပီးလို့ ... ကျေးဇူးပါ ....
ရှေ့ကို ဆက်ဖို့ ခရီးလမ်းတိ ဇာလောက်ပင်ကြမ်းပတ်စီ ... အားလုံးကို ရှင်းလင်းပြီးကေ သားချေနန့် အေအချေအတွက် ကိုယ်တိုင် ရှင်းလင်းပီးလိုက်ဖို့ဗျာယ် ... မေမေ အားမငယ်ပါ ..... မေမေ လုံးဝအားမငယ်ပါ ... တစ်ဘဝလုံးစာ တိုက်ပွဲအတွက် မေမေ အားတိအပြည့်ရှိနိန်ပါမယ် ... အချေကို စဥိးစားမိယင်းနန့် မွီးခန်း မျက်နှာ ကြက်ကို တစ်ခါ ကြည့်ဗျာယ် ပြုံးမိပြန်ရေ ...........


အေစာနန့် မေမေ ၊ပါပါ ကို ကန်တော့ပါရေ

သင်းချို

ဘောင်

လူတိတိုင်းဗျာယ် ချိန်ဆတတ်ကတ်တေ
လိမ္မာခြင်းထဲမှာ ၀င်ဆံ့နိုင်ဖို့
မိုက်မိုက်မဲမဲ ငါကြိုးစားဖူးခယင့်
အချိန်တိရာ ဗြောက်သောက်ကုန်ခရေ
ငါ့သဘာဝမဟုတ်လို့ အရောင်မပြောင်းနိုင်ခ .....

ငါ့ကိုကျဉ်ထားရေ လူတိကို
အပေါင်းအသင်းဖြစ်ချင်လို့ စိတ်ကူးယဉ်ဖူးခရေ
မြင်ကွင်းမတူလို့ စကားချင်းတောင်စစ်ပြေမငြိမ်းခ .....

ကံကောင်းရေလို့ယူဆမိရေ လူတစ်ချို့ကို စံထားဗျာယ်
"ကံ" လို့ထင်စော်နီရာမှာ လယ်ထွန်မှားခရေ
ရိုးရာမတူလို့ ပျိုးတောင်မကြဲခရ .....

အဲ .......
ဘ၀ဆိုစော် ဘ၀ဆန်နီဖို့အဓိကလို့ထင်ဗျာယ်
လိုက်လျောညီထွေနီတတ်ဖို့ သင်ယူနီခါမှ
သင်ရိုးကုန်လို့ "ဘ၀" က ငါ့ကိုပြန်သိမ်းလားရေ .... ။ ။


သင်းချို

စုတ်ချက်ရိုင်း

မပီပြင်ရေကောက်ကြောင်းတိနန်. ငါ့ဘ၀ကို
မကျွမ်းကျင်ရေပန်းချီဆရာက ဆွဲစော်လာ ....
မာယာရှင်က ဆွဲစော်လာ .......

ဇာမှန်းမမြင်ရရေ နေရာကို
အားသွန်ခွန်စိုက်ပြီးနီရစော် ၀တ္တရားလား ......

စောင့်စားခရေ တောက်ပမှုတစ်ခုတစ်လီက
မျှော်လီဝီးလီ လိုက်လီပြီးလီိ .......
တစ်ခါတစ်ခါ စိတ်ကူးနန်.ရွက်လွင့်ဖို.တောင်
လီကမတိုက် ........

ဘ၀ဆိုစော် အပြီးသားရီးစပ်ထားရေစာအုပ်ဆိုကေ
တစ်ရွက်ချင်းလှန်နီရစော်ထက်
တစ်အုပ်လုံးကိုအရည်ကြိုဗျာယ် သောက်ပလိုက်ချင်ယင့် ........

အခွင့်ရှိကေ .... "၀င်ကစွပ်ပိုင်"
ရှင်သန်ခြင်းကို တချက်ချွတ်ထားလိုက်ချင်ရေ ...... ။ ။





သင်းချို

ရင်နင့်ခွင့်

ရင်နင့်ခွင့်



ရင်ဘတ်တစ်ခြမ်းစီပဲ ချခင်းရမယ့်ပွဲမှန်းမသိခဲ့ဘူး
ဒီရင်တစ်ခုလုံးစာ လောင်းကြေးထပ်ခဲ့လိုက်တာ့ 
ပန်း နဲ. ခေါင်းတစ်လှည့်စီဆိုတာ မေ့နေခဲ့ပေါ့
နှလုံးသားကိုပါးရိုက်ခံရမှ ငါရှုံးမှန်းသိခဲ့တော့တယ့့် 

ငါ့ရင်ဘတ်ထဲမှာတော့ အလွမ်းချည်းဘဲလည်းမဟုတ်
မင်းနဲ.ဆိုင်ခဲ့တဲ့အချိန်တွေအတွက်
ဆယ်ခါပြန် ကြည်နူးခြင်းလည်းရှိရဲ.့ 

ကိုယ်စီ နှလုံးသွေးဖျော်ရည်တွေနဲ.
တစ်ယောက်ကိုတစ်ယောက် တည်ခင်းဖူးခဲ့တယ်မလား
(ခဏတာပဲ ဆိုဆို)

ဒီတော့တစ်ခါ အခုချိန်တော့
အရောင်စုံတဲ့ခံစားချက်သက်တန်.ပေါ်မှာ ခြေလွှဲထိုင်ယင်း
နောင်တမပါဘဲ အတူလျှောက်လှမ်းခဲ့တဲ့
အမှတ်တရတစ်ခုစီတိုင်းကို
တစ်သက်စာသယ်ပိုးသွားဖို. သိမ်းဆည်းနေတယ့့် ။ ။





သင်းချို

မိုးးး(၂)

ဒီလိုပဲ သူငယ်ချင်းတွေနဲ့ကျောင်းသွားလိုက် လျှောက်သွားလိုက်နေရင်းက ကျွန်မဆီကို သူ့အစ်မရောက်လာတယ် ... သူကစိတ်မဆိုးဖို့ ပြောပေးပါပြောလို့တဲ့ ... စိတ်မဆိုးပါဘူးလို့ ပြန်ပြောလိုက်ပါတယ် ... သိပ်မကြာခင်မှာဘဲ သင်တန်းက ဆရာဆီကိုရော တခြားလူတွေဆီကိုပါ စာတွေရောက်လာတယ် ... ကျွန်မဆီကိုရောပေါ့ ... စိတ်မကောင်းဖြစ်နေခဲ့တာတွေ သူ့စာကို မြင်တော့ ပျောက်သွားတယ် ... သူကျွန်မကို မေ့မသွားတာကို သိလိုက်တာကိုး ... ဒီလိုနဲ့ သူ့ဆီကစာတွေ သင်တန်းကတဆင့် ရောက်ရောက်လာတတ်တေ ... နောက်ကျတော့ ကျွန်မအိမ်လိပ်စာနဲ့ရောက်လာတော့တယ် ... သူစာပို့တာ ကျွန်မတစ်ယောက်တည်းကို မို့လို့ သင်တန်းကတဆင့်မပို့တော့တာတဲ့  ... ကျွန်မကတော့ အလုပ်ဝင်လုပ်နေပြီ ... သူကစာရေးလိုက် ကျွန်မက ပြန်ရေးလိုက် ... ဒီလိုနဲ့ တစ်နှစ်လောက်ကြာသွားတယ် ... ဒီဇင်ဘာလကုန်လောက်မှာ ကျွန်မ ရန်ကုန်ကို အပြီးသွားရတော့တယ် ... ကျွန်မ မသွားချင်ခဲ့ဘူး ... သူငယ်ချင်းတွေက ကျွန်မအတွက် နှုတ်ဆက်ပွဲတွေ လုပ်ပေးကြတယ် ... အရမ်းဝမ်းနည်းခဲ့ ပေမယ့် ရန်ကုန်ကိုလာခဲ့ရတယ် ...

ရန်ကုန်ကိုရောက်တာနဲ့  အမေနဲ့ ကျွန်မလုပ်စရာ သွားစရာတွေ များနေတော့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်သေးဘူး ... ကိစ္စတွေ ပြီးသွားလောက်မှ ဇန်နဝါရီ လကုန်လောက်မှ ကျွန်မချစ်ရတဲ့ အစ်မဆီကို သွားလည်တယ် ... အဲဒီနေ့မှာပဲ သူ့အကြောင်းတွေ ကြားခဲ့ရတယ် ... ကျွန်မပြောခဲ့ပါတယ် ရောက်နေတာကို မပြောဖို့ ... ဒါပေမယ့် နောက် ၂ရက်လောက်မှာပဲ သူကျွန်မအိမ်ကို ရောက်လာခဲ့တယ် ... တံခါးခေါက်လို့ သွားဖွင့်မိတဲ့ ကျွန်မက အံ့သြနေမိတယ် ... သူကတော့ ပြုံးပြုံးပဲ ... ဒီလိုနဲ့ သူနဲ့ကျွန်မ ပြန်အဆက်သွယ်ရခဲ့တယ် ...
နောက်တစ်ပတ်လောက်အကြာမှာပဲ အမေက ရန်ကုန်ကနေ ပြန်သွားတယ် ... အိမ်မှာ ဦးလေးနဲ့ ကျန်နေခဲ့ရတယ် ... ဦးလေးက အလုပ်ကို သွား သူငယ်ချင်းတွေနဲ့သွားတော့ ကျွန်မလည်း သွားချင်ရာကို သွားတော့တာပဲ ... ဒါပေမယ့် ကျွန်မကို ခြေချုပ်မယ့်သူရောက်လာပြန်တယ် ... လျှောက်သွားပြီးပြန်လာတဲ့တစ်နေ့ သူက ကျွန်မအိမ်ကို ရောက်နေတာတဲ့ ... ကျွန်မပျင်းပျင်းနဲ့လမ်းလျှောက်လာတော့ ရှေ့တည့်တည့်ကတစ်ယောက် လမ်းလျှောက်လာတယ် ... ပြုံးပြတယ် ... အသေချာကြည့်လိုက်မှ သူဖြစ်နေတာကိုး ... အဲဒီနေ့ကတည်းက သူက ကျွန်မရဲ့ ခြေချုပ်ဖြစ်သွားတယ် ... သွားစရာရှိရင် သူလာခေါ်ပေးတယ် ... ကျောင်းတွေ သင်တန်းတွေ စုံစမ်းစရာရှိရင် သူလိုက်ရှာပေးတယ် ... ကျွန်မတစ်ယောက်တည်းဘဝက လွတ်သွားတယ် ... လုပ်စရာတွေမရှိရင် ဖတ်ရအောင် စာအုပ်တွေသူယူလာပေးတယ် ... ကျွန်မကို သူပဲ အစစအရာရာ နေတတ်အောင် သင်ပေးခဲ့တာပါ ... ကျွန်မငိုရမယ့် ကိစ္စတွေရှိရင် မငိုဖြစ်အောင် သူရှာကြံပေးခဲ့တယ် ... စိတ်မကောင်းတာကို မပြောဘဲသိနေတတ်ခဲ့တယ် ... အဲဒီအချိန်တွေဆိုရင် ကျွန်မနဲ့ ရန်ဖြစ်ဖို့ အကြောင်းတွေ သူဖန်တီးပြောတော့တယ် ... အပျော်ရန်ဖြစ်နေလိုက်ရင် လျှောက်သွားနေလိုက်ရင် ကျန်တာတွေ မေ့သွားတတ်တာကိုး ... အရမ်းကြိုက်တဲ့နေရာတစ်ခုရှိတယ် ... သိမ်ကြီးဈေးတံတား ... ညနေ ၇ နာရီကျော်လောက်ဆိုရင် လူမရှိတော့တဲ့ အဲဒီနေရာမှာ အရမ်းနေလို့ကောင်းတယ် ... လေကတိုက် အကာအရံတွေလည်းမရှိတဲ့ ဒီနေရာက ကျွန်မစိတ်ကို လွတ်လပ်မှုပေးတဲ့နေရာကောင်းလေးတစ်ခုပါ ... သူနဲ့ကျွန်မ သစ်သီးတွေဝယ်ပြီး အဲဒီနေရာလေးမှာ သစ်သီးလုစားရင်း အောက်ကဘတ်စ်ကားတွေ ဖြတ်သွားရင် လိုက်အော်ရင်း . လောကကြီးကိုငုံ့ကြည့်ကြပါရဲ့ ... ဒီလိုနဲ့ပဲ ကျွန်မတို့ အရမ်းကို နားလည်တွယ်တာ ခင်ခဲ့ကြတာပါ ...
ကျွန်မတို့ နှစ်ယောက်ခရီး နည်းနည်းရှည်တာတစ်ခုသွားဖူးတယ် ... မနက်အစောကြီးထထွက်သွားကြတာ ည၈နာရီခွဲလောက်မှ ပြန်ရောက်ကြတာပါ ... တကယ်ဆိုရင် ခရီးက ကြမ်းပါတယ် ... ကျွန်မခြေထောက်တွေနာလွန်းလို့ မျက်ရည်ကျမိပါရဲ့ ... ဒါပေမယ့် မမောခဲ့ကြပါဘူး ... အဲဒီနေ့က သင်္ဘောစီးရတယ် ... ကားလည်းစီးရတယ် ... ဆိုင်ကယ်လည်းစီးရတယ် ... ဆိုင်ကယ်ပေါ်မှာပဲ သူကျွန်မကို ချစ်နေတာကို ကျွန်မသိခဲ့တာပါ ... ဒါပေမယ့် ကျွန်မတို့က သူငယ်ချင်းတွေပဲလေ ... ကျွန်မက အဝေးကြီးကို ထွက်သွားဖို့ ကြိုးစားနေတဲ့လူ ... သူမကြာမကြာပြောတတ်တာက ဘယ်အချိန်ပြန်လာမလဲ ... ပြန်လာရင်ကော ဒီအတိုင်းရှိဦးမလား ... ကျွန်မက ပြန်ဖြေခဲ့တယ် ... နောက် ၅နှစ်လောက်ကြာမယ်ဆိုတော့ အသက်တော့ ၅နှစ်ကြီးပြီပေါ့လို့လေ ... သူက ရယ်ပြီးတော့ အိမ်ထောင်တွေကျနေမလားလို့မေးတာ လို့ပြောပါတယ် ... ကျွန်မက ငါနောက်၅နှစ်အတွင်းအိမ်ထောင်တော့ မကျလောက်သေးပါဘူးလို့ ပြောခဲ့တယ် .. သူက နောက်၅နှစ်ကျရင် ပြောစရာရှိတယ်လို့ ပြောခဲ့ပါတယ် ... ကျွန်မအံ့သြသွားတယ် ... နောက် ၅နှစ်ကျမှ ပြောရမယ့်စကားကို သူဘယ်လိုကြိုသိနေလဲလို့် ... ဒါပေမယ့် မမေးခဲ့ပါဘူး ... ဒီလိုပဲ နက်နက်ရှိုင်းရှိုင်း ခင်ခဲ့ကြတာပါ ...

မိုးရွာကြမ်းတဲ့နေ့ တစ်နေ့မှာပေါ့ သူ ကျွန်မအတွက် အရမ်းစိုးရိမ်နေခဲ့တယ် ... ဆိုင်တစ်ဆိုင်မှာထိုင်နေကြရင်းက ကျွန်မဖျားနေတော့ အရမ်းကြီးကို အေးစက်နေတဲ့ ကျွန်မလက်ဝါးတွေကို သူ့လက်ချောင်းတွေနဲ့ ပွတ်ပေးခဲ့တယ် ... ကျွန်မအံ့သြသွားတာက သူ့လက်ချောင်းက အနွေးဓါတ်နဲ့ သူမျက်လုံးက အနွေးဓါတ်တွေပါပဲ ... သူကျွန်မကို အိမ်ကို ပို့ပေးခဲ့ပြီး အနားယူအောင်စောင့်ပေးခဲ့တယ် ... အဲဒီနေ့မှာပဲ ကျွန်မခံစားသိလိုက်တာက ကျွန်မကို သူချစ်သလို ကျွန်မလည်း သူ့ကိုချစ်မိပြီဆိုတာပါပဲ ....

အဲဒီနေ့ကလည်း မိုးရွာပြန်ပါပြီ ... မိုးကြိုးတွေပစ်ပြီးတော့ကို ရွာတာပါ ... ကျွန်မတို့ နှစ်ယောက်လုံး ပလာဇာကို အသွားမှာ ချစ်သူတွေမဖြစ်သေးပါဘူး ... ဖိနပ်တွေလျှောက်ဝယ်ရင်းနဲ့ မုန့် ဝင်စားရင်း ချစ်သူတွေဖြစ်သွားကြတာပါ ... အဲဒီက ပြီးတာနဲ့အိမ်ကို မပြန်ကြဘဲ ဘုရားကို သွားခဲ့ကြပါတယ် ... မိုးကို ကြိုက်ပြီး မိုးကြိုးကို ကြောက်တဲ့ ကျွန်မဟာ အဖော်ပါရင် မိုးရေထဲလျှောက်သွားပြီး အဖေါ်မပါရင် မိုးကြိုးပစ်တာနဲ့ လမ်းဘေးမှာ ထိုင်ငိုတတ်ပါတယ် ... အဲဒီနေ့ကပစ်တဲ့ မိုးကြိုးအားလုံးကို သူ့ကိုယ်နဲ့ ကာခဲ့မိတယ် ... သူက ရယ်ပါတယ် ... ကျွန်မရင်ဘတ်ထဲကို အေးခနဲ ဖြစ်သွားစေတဲ့ဟာက ဘုရားမှာ သူ့ခြေသန်းလေးနဲ့ ကျွန်မခြေသန်းလေးကို လာထိတဲ့အချိန်ပါပဲ ... တကယ့်ခဏပါပဲ ... ဒါပေမယ့် မိုးကြောင့်ပဲ အေးသလား ၊ သူ့ခြေကပဲ အေးသလား ၊ ကျွန်မရင်ထဲအေးစိမ့်သွားခဲ့တာအမှန်ပါ ... ပြီးတော့ သူ့ကို ပြန်မကြည့်ရဲလောက်အောင် ထူးထူးခြားခြား ရှက်မိသွားတာပါပဲ ... ကျွန်မရှက်တာကို ဒီတစ်ခါပဲမြင်ဖူးတဲ့အတွက် သူအရမ်းသဘောကျနေခဲ့တယ် ... နောက်တစ်နေ့စောစော အိမ်ကိုလာပြောတာက ညက သူ ရင်တွေခုန်ပြီးထူးဆန်းနေလို့ လုံးဝအိပ်လို့မရဘူးတဲ့လေ ... အိပ်မက်လိုထင်နေမိလို့ သူ့ဟာသူရိုက်ကြည့်မိပါသေးသတဲ့ ... ဒီအပြုအမူကပဲ ကျွန်မတို့ ချစ်သူဖြစ်သွားတဲ့ အထိမ်းအမှတ်ထင်ပါရဲ့ ... ဒီလိုနဲ့ အဲဒီနေ့ ညနေစောင်းလောက်မှာတောင် အိမ်နားက လမ်းတွေမှာ လေတိုက်ကြမ်းတဲ့အထဲ ကျွန်မတို့ နှစ်ယောက်လမ်းလျှောက်ကောင်းတုန်းပါပဲ ... ဒီလိုပဲ ကျွန်မတို့ ဖြူဖြူစင်စင်ချစ်ခဲ့ကြတာပါ ... ဒီလိုနဲ့ .... ဒီလိုနဲ့ ... မိုးရွာထဲကသံယောဇာဉ်တွေက မိုးနဲ့အတူပါသွားတယ်ထင်ပါရဲ့ ... မိုးလည်း စဲရော အိပ်မက်က နိုးထလာခဲ့သူလိုပါပဲ ကျွန်မအနားက နေရာတွေမှာ သူ့ခြေရာတွေထင်ပါရဲ့ ရင်ဘတ်ထက်မှာရောသူ့ခြေရာတွေလား ... သူကတော့ ဟိုးတစ်ခါ တုန်းကလို နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပါတယ် .. ဒီတစ်ခါ သူထွက်သွားခဲ့တာက တစ်ဘဝစာပါ ... ကျွန်မလည်း မခေါ်ဘဲရောက်လာပြီး မနှင်ရပါဘဲ ထွက်သွားသူကို လိုက်မရှာမိအောင်ကြိုးစားနေခဲ့ပါတယ် ... ကျွန်မအတွက် ဒါတွေက မိုးတစ်ညက အိပ်မက်တွေလိုပါပဲ ... မိုးရွာထဲမှာ တစ်ယောက်တည်းလမ်းလျှောက်တတ်လာခဲ့တယ် ... အိပ်မက်တွေလည်းဝေဝါးလာခဲ့ပါတယ် ... ကျွန်မလည်း ခရီးတွေဆက်ရဦးမယ်လေ ....




သင်းချို

ရီခမ်းငါး

ရီခမ်းငါး

ကေါင်းကင်မှာ အရုပ်ထင်
ပုံဖော်ယင်းတမ်းတရရေ ဘ၀မှာ
"အမိ"ရုပ်သွင်ကို မှန်းမျှော်ဗျာယ်
ရင်ငွေ.ခိုလှုံချင်လိုက်တယ် ။ ။

ဟန်လုပ်ယင်းနန်. အံကိုတင်းဗျာယ်
ဘ၀ကပီးရေအသိ
သားရင်က အဆာကို အာသာမပြေစီနိုင်ခ ။ ။

မာန်ကိုတင်းဗျာယ် ရှေ.ဆက်ရရေ ခြီလှမ်းတိုင်းမှာ
တိတ်တိတ်ပုန်း မျက်ရည်တိကစက်လက်
အလိုမတူဘဲသိမ်းထားရရေ ဆန္ဒတစ်ခုနန်.
အပြင်းပြဆုံးခေါ်ခွင့်ရချင်ရေ "မေမေ " ။ ။

ရှင်သန်ခွင့်ရရေဘ၀မှာ
သစ်ငုတ်ချေပိုင်ရာ ဇာမျိုးစေ့မှန်းလည်းမသိရ
တောင်းဆိုး၊ပလုံးဆိုးရာ ပစ်ရိုးထုံးစံထဲမှာ
သားက မစားကောင်းရေ အသီးလား ။ ။

ကျောင်းဆင်းခေါင်းလောင်းထိုးကေ
ပြန်ဖို.အိမ်ကမရှိခ
"အနန္တောအနန္တငါးပါး"မှာ သားကတစ်ပါးကိုမသိ
"မိဘကျေးဇူး" စာစီကုံးအတွက်
သားမှာအဖြေမရှိ ။ ။

(မိဘမဲ့အချေတိအတွက် ခံစားရီးဖွဲ့ပါသည်)

သင်းချို

ရလာဒ်


" ရလာဒ်"

"ခွင့်မလွတ်ကဲ့" ဆိုရေ စကားတစ်ခွန်းနန်.
ငါ့ဘ၀ကိုတစ်ခြမ်းပဲ့စီခရေ .......
လူတစ်ယောက်မရှိလို. နောက်တစ်ယောက်
ဘ၀မပျက်ကေတောင်
ရင်ဘတ်မပါဘဲ အသက်ရှုနီရရေပိုင်ရာလေ ....

ချစ်ခြင်းနန်.မုန်းခြင်းမှာ အပြစ်မရှိရေအတွက်
နင်နန်.ငါ့ကြားမှာ တစ်ယောက်လည်းမမှားခ.....

အမှန်ကတော့ခါ
ကံတရားကငါ့ကို တချက်ချေကစပ်ခစော်ရာ ......
မချင့်ချိန်တတ်တေငါ့မှာ
ကံကိုမယုံကေတောင်နင့်ကိုယုံလို.
နှလုံးသားကိုရင်းဗျာယ် ဘ၀တစ်ခုလုံးပုံပီးလိုက်ခါမှ
လောင်စာကောင်းကောင်းနန်.
လောင်ကျွမ်းပလိုက်စော်
ငါ့ကိုငါတောင်
ဇာကအစပြန်ကောက်ရဖို.လဲ မသိလိုက်ဗျာယ် ..... ။ ။



သင်းချို

မိုးးး (၁)


အပြင်မှာ မိုးသည်းသည်းမဲမဲရွာနေတဲ့အတွက် အမိုးစွန်းအောက်လေးမှာ နံရံကိုကွယ်ရင်း ရပ်နေခဲ့တဲ့ ကျွန်မတစ်ကိုယ်လုံးနီးပါး မိုးရေစိုနေခဲ့တယ်လေ .... ကျွန်မနဲ့အတူ သူငယ်ချင်းလည်းဖြစ် အစ်မဝမ်းကွဲလည်းဖြစ်တဲ့ နွယ် လည်း ရပ်နေခဲ့တာပါ ... သူနဲ့ကျွန်မ သင်တန်းတစ်ခုကို အတူ လာတက်ကြတာ ... ဒီသင်တန်းက ကျွန်မအရင်တုန်းတည်းက ရင်းရင်းနှီးနှီး တက်ဖြစ်ခဲ့ပြီးသား ... မိသားစုဆန်တဲ့ ဒီသင်တန်းပိုင်ရှင် ဆရာက အစ်ကိုလိုလည်းဆိုးလို့ရရဲ့ ... ဒါကြောင့်ပဲ ကျွန်မရန်ကုန်ကို အကြာကြီး သွားနေခဲ့ပြီး ပြန်ရောက်တာကို မပြောဘဲ ဆရာကို အံ့သြသွားစေချင်ခဲ့တာပေါ့ ... ဆရာ မမြင်အောင် ကွယ်ရပ်နေဖို့ပဲ အာရုံစိုက်နေတဲ့ကျွန်မ မိုးစိုနေတာကို သတိမပြုမိအားပါဘူး ... ၇ နာရီက ၉ နာရီ အတန်းချိန်မပြီးသေးတော့ ၉ နာရီခွဲ တက်ဖို့စောင့်နေတဲ့ လူတွေ အပြင်မှာပဲရပ်နေကြတာပေါ့ ... ဒါပေမယ့် အဲဒီအချိန်မှာပဲ ကျွန်မနဲ့အတူရပ်နေခဲ့ကြတဲ့ ကောင်မလေးတွေ အထဲကို ဝင်သွားကြတယ် .. နွယ်လည်းဝင်သွားခဲ့တယ် ... ကျွန်မက ဝင်ဖို့စိတ်ကူးမရှိပါဘူး ... ဆရာ မမြင်သွားဖို့ကိုပဲ အာရုံစိုက်နေခဲ့တာ .. ဒါပေမယ့် ကျွန်မရှေ့ကပဲ ကောင်လေးတစ်ယောက် ဖြတ်ဝင်သွားခဲ့တယ် ... ခဏလေး တကယ့်ခဏလေးပါပဲ သူပြန်ထွက်လာခဲ့တယ် ... ပြီးတော့ ကျွန်မရှေ့မှာ လာရပ်တယ် ... ကျွန်မက ကြောင်ကြည့်နေတုန်းပဲ ....“အမ, အထဲကို ဝင်ထိုင်ပါ ”တဲ့ ပြောလာခဲ့တယ် ... စိတ်ထဲမှာ ကျွန်မဖွက်နေတာကို ဆရာသိသွားတော့မှာ စိုးရိမ်သွားတယ် ... အဲဒါနဲ့ ခပ်တည်တည်၊ လေသံဖွဖွ နဲ့ မဝင်ချင်ဘူးလို့ပြောလိုက်တယ် ... သူကလည်း သေချာကြည့်ပြီး ထပ်ပြောတယ် .. “အမ ဝင်ထိုင်လိုက်ပါတဲ့” ... ကျွန်မလည်းစိတ်တိုလာတယ် ... မဝင်ချင်ဘူးပဲထပ်ပြောမိတယ် ... လူတွေကလည်းကြည့်ပြီး ပြုံးနေကြပြီ ... ကျွန်မမှာ ဆရာတွေ့သွားမှာကို စိုးရိမ်နေတယ် ... သူကလည်း စိတ်တိုလာပုံပဲ ... ထပ်ပြောတယ် ... “အမမှာ မိုးစိုနေပြီ ၊ အထဲဝင်ရင် ဘာဖြစ်သွားမှာ မို့လို့လဲ” တဲ့ ... ကျွန်မလည်းစိတ်တိုတိုနဲ့ မဝင်ရင်ကော ဘာဖြစ်သွားလဲလို့ ထပ်အော်လိုက်တယ် ... နွယ်က ထွက်လာပြီးသူ့ကို မဝံ့မရဲကြည့်ပြီး ခေါင်းလေးငုံ့ အရိုအသေပေးတယ် ... ပြီးတော့ ကျွန်မကို ဝင်ဖို့ ခေါ်တယ် ... ကျွန်မလည်း မဝင်ချင်ဘူးလို့ အော်လိုက်တယ် ... လူတွေက ကျွန်မနဲ့ကောင်လေးကို ကြည့်ပြီးပြုံးစိစိ လုပ်နေကြတယ် ... ကောင်လေးလည်း ကျွန်မကို ပြုံးကြည့်ပြီးဝင်သွားတယ် ... နောက်အတန်းချိန် စခါနီးတော့မှ ဆရာမမြင်အောင် ဝင်ထိုင်နေလိုက်တယ် ... ကျွန်မ ထင်တဲ့အတိုင်းပဲ အရမ်းပိန်ခဲ့တဲ့ကျွန်မ နည်းနည်းပြည့်လာတော့ ဆရာက မမှတ်မိတော့သလို ဖြစ်နေတယ် ... ကျွန်မပျော်လိုက်တာ ... ပြီးမှ ကျွန်မကို မှတ်မိသွားပြီး ဟိုကောင်လေးနဲ့ မိတ်ဆက်ပေးတယ် ... သူကလည်း အော်ဆိုတဲ့ အသံထွက်လာသလို ကျွန်မလည်း အော်ဆိုတဲ့ အသံ ထွက်သွားမိတယ် ... ကျွန်မက ကျောင်းသူဟောင်း ... သူက ကျောင်းရဲ့ အားကိုးရတဲ့ စီနီယာတစ်ယောက်ပေါ့ ... ကျွန်မက သူ့ကို ပြုံးမပြမိပါဘူး ... သူကတော့ တကယ့်ရယ်ချင်တဲ့ပုံနဲ့ ကျွန်မကို ရယ်ပြတယ် ... နောက်သူ့ကို ကျွန်မတို့ section မှာ မကြာမကြာတွေ့လာရတယ် ... ကျွန်မကို ဆရာစလိုက်တိုင်း သူက ဝင်ထောက်ခံတယ် ... ကျွန်မကတော့ သူ့ကို အမြင်ကတ်မိတာပဲ ... ဒါပေမယ့် သိပ်မကြာခင်မှာဘဲ ကျွန်မစရိုက်အတိုင်း သူ့ကို လှိုက်လှိုက်လှဲလှဲ ခင်မိသွားရုံမက သူ့ကိုအားကျလာတယ် ... သူစရိုက်တွေကို ကလိချင်လာတယ် ... သူနဲ့ ခင်ပြီး သိပ်မကြာခင်မှာ သိရတာက သူက ကျွန်မကို မိုးရွာတဲ့နေ့က စေတနာနဲ့လာပြောတာကို ကျွန်မကရန်ပြန်တွေ့တဲ့အချိန်မှာပဲ ခင်သွားခဲ့တာတဲ့လေ ... သူ့ကို အဲလိုမျိုးပြောတာ မကြုံဖူးဘူးတဲ့ ... ရီစရာကြီးနော် ... သူကကျွန်မကို ထူးဆန်းတယ် ထင်သလို ကျွန်မကလည်း သူ့ကို ထူးဆန်း တယ် ထင်မိပါရဲ့ ...
သူမှာက ခင်ရတဲ့ သူငယ်ချင်းသိပ်မရှိဘူး ... ရှိတဲ့သူငယ်ချင်းတွေလည်း သူ့လိုပဲ စာဂျပိုးတွေ ... ဒါကြောင့် ကျွန်မရဲ့အနေအထိုင်တွေက သူ့အတွက် ထူးဆန်းနေတယ် ... ဆရာခရီးရက်ရှည်ထွက်သွားတော့ ရှိတဲ့section အားလုံးကို သူကပဲ စာတွေ သင်ရတော့ ကျောင်သားတွေက သူ့ကို ဆရာလို ကြောက်ကြတယ် ... မဟုတ်ဘူး ... ဆရာကိုထက် ကြောက်ကြတယ် ... ကျွန်မကတော့ သူ့ကို စကတည်းက ရန်တွေ့ထားတဲ့လူဆိုတော့ ကြောက်မနေတော့ပါဘူး ... ဆရာတွေကို ကြောက်တဲ့အကျင့်က ကျွန်မမှာ မရှိဘူး ... ဒါနဲ့သူ့မှာ ကျွန်မလို ဂျက်ပစီတစ်ယောက်ကို ခင်မိသွားတော့တာ ပေါ့လေ ... အခန်းထဲမှာ မုန့်မစားရပေမယ့် ကျွန်မက ခိုးခိုးစားတတ်တယ် ... အစက သူတားပေမယ့် တားမရတော့ သူ့ကိုယ်နဲ့ ကွယ်ထားပေးရတယ် ... သူလည်း ဝင်စားရင်းပေါ့လေ ... အဲသလိုကို သူကျွန်မကို ခင်ခဲ့တာပါ ... ကျွန်မ အိမ်နဲ့ ခရီးထွက်မယ်ဆိုတော့(၃ ရက်တည်းပါ) သူက မလိုက်ချင်ရင် မလိုက်သွားပါနဲ့လို့ပြောတယ် ... ကျွန်မလည်း သူ့ကို အနိုင်ကျင့်လို့ရတဲ့ တနင်္ဂနွေ တစ်ရက် ဆုံးရှုံးမှာကို ကြောက်ခဲ့တယ် ... မလိုက်ပါဘူးလို့ ပြောခဲ့ပေမယ့် လိုက်သွားခဲ့ရတယ် ... ဒါပေမယ့် ကျွန်မသိနေတာက သူမျက်နှာကြီးမဲပြီး ရှေ့ကခုံမှာ စက်ရုပ်လိုထိုင်နေမယ် ဆိုတာပါပဲ ... ကျွန်မက သူ့အတွက် ရယ်စရာလေးတွေရေးပြီး ချန်ခဲ့ပေမယ့် နွယ်က သူ့ကို မပေးရဲလို့ မပေးလိုက်ရပါဘူး ... ကျွန်မ ပြန်ရောက်တော့ ကျွန်မက သူ့ကို ငါးလေးတစ်ကောင် ဝယ်ပေးတယ်... ကျွန်မမွေးနေ့ အတွက် လက်ဆောင်ပေါ့... ကျွန်မက ကျွန်မမွေးနေ့မှာ သူငယ်ချင်းတွေကို မဲဖေါက် ပေးတယ်လေ ... သူ့ကို သဘောကျတဲ့ သူငယ်ချင်းကပြောတယ် နင့်ငါးကို သူအိမ်ရောက်ရင် လွင့်ပစ်လိုက်လိမ့်မယ်တဲ့လေ... ကျွန်မလည်း တကယ်ထင်မိတယ်... ဘာလို့ဆိုတော့ သူကပြောဖူးတာကိုး သူ့အချိန်တွေကို အလဟသ၁ပေးရမှာ နှမြောတယ်လို့လေ... ဒါကြောင့်လဲ ကျွန်မက သူ့အချိန်တွေ ယူကြည့်လို့ရအောင် ငါး လေးပေးလိုက်တာပါ... သူက နောက်တစ်ရက်မှာ မေးလာတယ်... ကျွန်မအိမ်ကို လာလည်လို့ ရမလားတဲ့လေ ... ရတာပေါ့လို့ပြောလိုက်တော့ သူအဲဒီနေ့ နေ့လည်ဘက် ရောက်လာခဲ့တယ် ... ပြီးရင် စကားတွေပြောဖြစ်တယ် ... သူပြောသွားတဲ့ အဓိကအကြောင်းက ငါလေးဖြစ်လို့ ကျွန်မပျော်သွားတယ် ... ပြီးရင် ငါးလေးအစာမစားတဲ့ အကြောင်း ... ပြီးရင် ငါးလေးကို နာမည်ပေးဖို့ မေးလာတယ် ... ကျွန်မကမှ မတွေးထားတာ ... ကျွန်မက ရုပ်ရှင်မင်းသားတွေ နာမည်ပြောတော့ မပေးဘူးတဲ့ သူ့မှာ နာမည်ရှိတယ်တဲ့လေ ... ဘာလဲ မေးကြည့်တော့ xx တဲ့ ... အဓိပါယ်မေးကြည့်တော့ ကျောင်းကိုလာမှ ပြောပြမယ်တဲ့ ... ကျွန်မလည်း ကျောင်းကို ရောက်တာနဲ့မေးကြည့်တော့ သူပြောတာကို ကျွန်မတောင် အံ့သြသွားမိတယ်လေ... 
xx က သူ့နာမည်ရဲ့ ရှေ့ဆုံးစာလုံးနဲ့ ကျွန်မနာမည် အဓိပါယ်ရဲ့ ရှေ့ဆုံးစာလုံးကို ပေါင်းထားတာတဲ့ ... ကျွန်မ တကယ် အံ့သြသွားမိတယ် ... သူက ငါးလေးကို အရမ်းဂရုစိုက်တာတွေ့ရတော့ ကျွန်မစိတ်မကောင်းဖြစ်မိတယ် ... သူ့ကို တကယ့်စိတ်ရင်းနဲ့ ပေးခဲ့ပေမယ့် အချိန်တွေကို ဖဲ့ယူကြည့်မယ်ဆိုတဲ့ အတွေး ပါသွားမိတာကိုလေ ... သူလေ ငါးလေး အစာစစားတဲ့နေ့က ကျွန်မကို ပြောနေလိုက်တာ ... ဒီလိုနဲ့ ကျွန်မတို့ နှစ်ယောက် ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ ခင်မင်ခဲ့ကြတာ ရက်တွေမကြာပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးရင်း ခင်ခဲ့ကြတာ ... သူက ကျွန်မကို မှတ်ချက်ပေးတယ် ကလေးမကျ လူကြီးမကျ တန်းလန်းလေးတဲ့လေ ... ဒီလိုနဲ့ တစ်နေ့မှာ ကျွန်မတရားစခန်း ၁၀ ရက်ဝင်သွားပြီး ပြန်ထွက်အလာ သူရန်ကုန်ကိုသွားရမယ့်အကြောင်း ပြောတယ် ... သိပ်မကြာပါဘူး ... ရန်ကုန်ကို ထွက်သွားတယ် ... ကျွန်မကို နှုတ်တောင်ဆက်မသွားပါဘူး ... ကျွန်မသိနေတယ် ... မနက်ဖြန် သူသွားမယ်ဆိုတာ ... သူက နှုတ်ဆက်မယ် ထင်ခဲ့တာကိုး ... သူက တွေ့တာတောင် အိမ်ကိုခဏပြန်လိုက်ဦးမယ် ခဏလေးနေရင် သူလာမယ် လို့ပြောပြီး ထွက်သွားတာ ... ကျွန်မ သူ့ကို စောင့်နေခဲ့တာ မိုးချုပ်သွားတယ် သူနဲ့မတွေ့ခဲ့ပါဘူး ... သူ့ခဏလေးက သူရန်ကုန်ကိုထွက်သွားတာပါပဲ ....



သင်းချို

Thursday, July 22, 2010

အကြောင်းအရာ တစ်ခုရလိုက်တိုင်း စာရီးတတ်တေ အကျင့်စော် အငယ်ချေကနီ စွဲဗျာယ်ကျင့်သားရနီပါရေ ... အဂုလေ့ အေပိုင်ပါဗျာယ် ... ရီးရဖို့လား စဉ်းစားပနာ ရီးစော်အားသန်ခါ ရီးဖို့ဘက်ကို ဆုံးဖြတ်ချက်များလားပါရေ ...
အေတစ်ခေါက် အကြောင်းက ကောင်းသက်တမ်းမရင့်ခရေ အလုပ်တစ်ခုအကြောင်းပါလေ ... သက်တမ်းမရင့်ခဆိုစော်က ယင်းအလုပ်မှာ သင်းချို သက်တမ်းမရင့်ခစော်ပါ ....
Albert David လို့ ခေါ်ရေ Medical Company (India) တစ်ခု ရန်ကုန်မှာရုံးခွဲဖွင့်ထားပါရေ ... Country Manager က အိန္ဒိယက ကုလားပါ ... Promoter ၊ Marketing ၊ Medical Rep တိအားလုံး မြန်မာတိပါ ... သင်းချို ယင်း company ကို အလုပ်လားလျှောက်ပါရေ ... လားခါ လျှောက်လွှာလားတင်စော်ပါရာ ... Mr. Viveck နန့် တွိပနာ တစ်ခါတည်း interview ပါရေ ... သူနန့် သင်းချိုနန့် စကားတိ အများကြီးပြောဖြစ်ပနာ ချက်ချင်းခန့်ပြီးကေ သင်းချိုကို မန္တလေးကို လွှတ်ပါရေ ... Admin and Accounts post နန့်ပါ ... မလားခင် ရန်ကုန်ရုံးမှာ ၂ ပတ်ထားပါရေ ...
အလုပ်ခန့်လို့ နောက်တစ်ရက် ရုံးစတက်ရရေနိန့်မှာပင် အစည်းအဝေးရှိပါရေ ... အစည်းအဝေး တစ်ဘက် ခုံဝိုင်းထိပ်မှာ သူထိုင်ပနာ ... နောက်တစ်ဘက် ခုံဝိုင်းထိပ်မှာ သင်းချို ထိုင်ပါရေ ... ကျန်ရေလူတိက ယင်းခုံကို ဝိုင်းလို့ထိုင်ပါရေ ... အစည်းအဝေးမှာ သူက သူလိုချင်ရေ ပုံစံ၊ ရောင်းအား တိကို ပြောခရေ ... အားလုံး ခေါင်းငုံ့ပနာ ထိုင်နီကတ်တေ ... ပြီးကေ တစ်ယောက်တစ်လှည့် ထွက်ပနာ white board မှာ ဇယားကွက်မှာ ဖြည့်ကတ်တေ ... ဖြည့်ပြီးတိုင်း Mr. Viveck ကဆဲရေ ... အားလုံးက တစ်ခွန်းတည်းစီရာ ပြန်ပြောကတ်ပါရေ ... "Try more, sir" ပါလတ် ... ပြန်ပြောပြီးကေလေ့ အကြာကြီးရပ်နီရသိပါရေ ... သူရို့ အစည်းအဝေးကို သင်းချိုနားမလည် ... သူရို့တိကို အလုပ်ကိုမလုပ်ချင် ဖေ့သာကျကေ လိုချင်ရေ ... အကျင့်မကောင်း ... ဆိုရေစကားတိအတွက် ပြုံးစိစိနန့် ခံနိုင်ရေ အင်အားတိကို သင်းချို အံ့သြခပါရေ ...
အစည်းအဝေးစော် မိုးထ ၈နာရီ ခွဲက စစော် ညစာ ၄ နာရီခါ မှပြီးပါရေ ... ပြီးမှ ထမင်းလားစားကတ်ပါရေ ... Medical Rep တိက စာကျက်နီကတ်ပါရေ ... ရန်ကုန်ရုံးမှာ Admin လုပ်နီစော်က သင်းချိုနန့် ရွယ်တူ ဆရာဝန်မချေ ... သူက အဆဲမခံရ ... သူပြောပြမှ သိရစော်က အားလုံးအဆဲခံရယင်းသားနန့် မျက်နှာ မပျက်စော်က Mr. Viveck ပြောစော်ကို နားမလည်ကတ်လို့လတ် ... Try more ဆိုစော်က အေထက်ကြိုးစားပါမယ်လို့ ပြောစော်ပါလတ် ... သြော် အဂုမှ နားလည်ခပါရေ .... သင်းချိုစိတ်မကောင်းဖြစ်မိပါရေ ... သူရို့တိက နားမလည်လို့ ငြိမ်ခံနိုင်ကေလေ့ ယင်း Mr. Viveck စော် သူရို့တိကို ဆဲကောင်းတိုင်းဆဲနိန်ပါရေလေ ... ပြီးကေ လစာထုတ်စော်လေ့ စာမေးပွဲစစ်စော်ကျနိန်စော်ပါဗျာယ် တစ်ယောက်ချင်းစီဝင်ခရေ အချိန်တစ်စိချေလောက်ကြာမှ ပြန်ထွက်လာကတ်တေ ... ယင်းပိုင်နန့် သင်းချိုသိလိုက်စော်က ယင်းကုလားစော် မြန်မာလူမျိုးတိကို ကောင်းကောင်းအထင်သေးရေ ဆိုစော်ပါဗျာယ် ... ယကေလေ့ နားမလည်ရေ ကောင်မချေတိက တိန်းခံနိုင်ကေလေ့ နားလည်ခရေ ရခိုင်သားချေတစ်ယောက်က ကုလားနန့် ဖောင်းပနာ ထွက်ခရေလို့သိရပါရေ ...
ယင်းပိုင်နန့် သင်းချိုမန္တလေးကို လားခပါရေ ... သင်းချိုအတွက် နိန်ဖို့ အဆောင်စရိတ် ... စားဖို့သောက်ဖို့နန့် လမ်းခရီးစရိတ်က အစ စီစဉ်ပီးပါရေ ... ယင်းပိုင်နန့် သင်းချိုမန္တလေးမှာ နိန်သားကျနိန်ပါဗျာယ် ... တစ်လမှာ Mr. Viveck စော် မန္တလေးကို ဆင်းလာပါရေ ... သူစော် မန္တလေးကို ရောက်လို့ နောက်တစ်ရက်နိန်ခါ သင်းချိုနန့် အတူလုပ်တေ အစ်ကို နန့် သင်းချိုကို ခေါ်ပါရေ ... ပြီးကေ တစ်ယောက်ကို တစ်လှည့်စီ ရင်းရင်းနှီးနှီး မနိန်ဖို့ ခေါ်ပြောပါရေ ... ကုလားဇာတိပြပါဗျာယ်လေ ... ယကေလေ့ သင်းချိုရို့စော် သူနန့် သူမပြန်ခင်တစ်ရက် Dinner ရှိရေ နိန့်အထိ အဆင်ပြေအောင်နိန်ကတ်ပါရေ ... ယကေလေ့ ယင်း Dinner စော် သင်းချိုထွက်စာတင်လို့ ပျက်လားခရပါရေ ... အကြောင်းအရာက သင်းချိုက သူနန့် ဟိုအစ်ကို နှစ်ယောက်ပဋိပက္ခမှာ ကြားညှပ်လားလို့ပါ ... ဇာပိုင်လေ ဆိုကေ သူက ဟိုအစ်ကိုကို ရှမ်းပြည်ကို ခရီးထွက်ခိုင်းပါရေ ... ယင်းခရီးစော် လမ်းစရိတ်သက်သက် ၃သိန်းကုန်ပါဖို့ ... နေ့စရိတ်တိမပါသိပါ ... ယင်းချင့်ကို ဖြန့်ဖြူးရေး company က တွက်ပြလိုက်စော်က ရောင်းအားမှာ ၃ % ပါ ... ဇာလို့ဆိုကေ ဖြန့်ဖြူးရေး ဆိုစော်က ထုတ်လုပ်တေ company တိအများကြီးဆီးတိကို တာဝန်ယူပနာ လားရောင်းပီးစော်ဆိုခါ ရောင်းအားက သိန်း ၁၀၀ ကျော်ပါရေလေ ... Albert David အနေနန့်ရာ ဆိုကေ ရောင်းအားက သိန်း ၃၀ ကျော်လောက်ရာရှိပါရေလေ ... ယင်းပိုင်ဆိုကေ လမ်းစရိတ်စော် ၁၀% ဖြစ်လီပါဖို့ဗျာယ် ... ယင်းချင့်ကို Distribution Side ကလေ့ သေချာပြောလိုက်ပါရေ ... ယင်းပြောခါက သင်းချိုနန့် Mr. Viveck ရာရှိရေ အတွက် သူက သင်းချိုခေါင်းကို ပုတ်ပနာတောင်မှတ်ထားလို့ပြောပါရေ ... ပြီးကေ သူမှတ်ထားစော်က ၃% တစ်ခုတည်းပါ ... ထိုအစ်ကိုနန့် သူနန့် ယင်းကိစ္စကို ရှင်းခါ သူက သင်းချိုကို သူ့ဘက်က သက်သေလုပ်ခိုင်းရေ ... သင်းချိုကလေ့ သူရို့ရောင်းအားနန့် ဖြစ်လို့ ၃% ဖြစ်စော်ကို ရှင်းပြခါ သင်းချိုကို ဒေါသထွက်ခပါရေ ... ထိုအစ်ကိုကို ဟိုဘက်ခုံကို လွှတ်ပနာ သင်းချိုကို ပြောပါရေ ဇာကြောင့် လိမ်လေဆိုပနာ ... သင်းချိုက မလိမ်ကြောင်းကို ပြောကေလေ့ မရ ... မပြောဘဲထိုင်နိန်ကေလေ့ ဇာလို့မပြောလဲ နင်ငါ့ဖေ့သာကို အလကားလိုချင်နိန်ရေမနား လို့ပြောခါ သင်းချိုက မခံဘဲနန့် နင်က ၃% ရာနားလည်ဖို့နန်းရာ နင်က မပီးချင် ... အမှန်ကိုတွက်ပြစော် ... ခရီးက ရှုံးဖို့ပိုင်တွိကေ မထွက်ခိုင်းကဲ့လို့ပြောကေလေ့ ၃% လို့ဂျီးဗျာယ်ပြောနိန်ပါရေ ... နင်ဇာလို့လိမ်လေ ဂျီးဗျာယ်မိန်းနိန်ပါရေ ... ဖေ့သာကို လိုချင်နိန်ရေ ဂျီးဗျာယ်ပြောပါရေ ... သင်းချိုလေ့ သည်းခံနိုင်စော်ကုန်ခဗျာယ်... ယင်းလမှာ သူလာဖို့ဆိုပနာ လစာကို မလွှဲဘဲထားစော် ၁၄ရက်ရှိနိန်ပါဗျာယ် ... ဟိုလက Expenses တိလေ့ သင်းချိုရို့ကိုပီးဖို့ အကြွီးကျန်နိန်သိပါရေ ... သင်းချိုလေ့ စိတ်တိုလာပါဗျာယ် .. အေလောက်ပြောစော် ငါနင့်အောက်မှာ မလုပ်နိုင် ငါထွက်ဖို့လို့ပြောလိုက်ပါရေ ... သူက သင်းချိုကို ဖေ့သာကိုအလကားလိုချင်ရေလို့ထပ်ပြောပါရေ ... သင်းချိုလေ့ ငါက ငါ့လုပ်အားကို လိုချင်စော် နင်က ငါရို့လစာကို ခုထိမပီး Expenses တိလေ့ မပီး ငါရို့ဖေ့သာနန့် စီးပွါးလုပ်ထားလာလို့ မိန်းလိုက်ပါရေ ... သူလေ့ ရှက်ခပါရေ ထင်ပါရေ ... နင်ထွက်ချင်ကေ ၃ လစာပီးလို့ပြောပါရေ ... သင်းချိုက ငါ့ပါးက တောင်းမနိန်ကဲ့ အားလုံးင့ါလစာနန့် Expenses တိပြန်ပီး ဆိုပနာ စာရင်းလုပ်ပနာ ပီးလိုက်ပါရေ ... သူက ၃ လစာထပ်တောင်းပါရေ ... သင်းချိုက နင်ဖြုတ်ပလိုက်တေလူတိကို ၃လစာပီးလိုက်စော် တစ်ယောက်ရှိကေ ငါ့ကို ပြ ၊ ယကေ ငါပီးဖို့ ... မဟုတ်ကေ နင့်ကို တရားစွဲဖို့လို့ပြောလိုက်ပါရေ ... ပြီးစော်နန့် ယင်းနေရာမှာပင် ထွက်စာရီးပါရေ ... ဟိုအစ်ကိုကိုခေါ်ပနာ သက်သေလက်မှတ်ထိုးခိုင်းခါ ယင်းအစ်ကို အံ့သြခပါရေ ... ပျော်ဖို့ကောင်းစော်က သူလေ့ တစ်နိန့်တည်းမှာ အလုပ်ထွက်စာရီးပါရေ ... ပြီးကေ နှစ်ယောက် ပျော်ပျော်ပါးပါး အလုပ်ထွက်ကတ်ပါရေ ... ယင်းကုလားက လစာအပြည့်မပီးပါ ... ပြီးကေ သင်းချိုရို့လက်ထဲမှာ ရှိရေ ဆီးတိကို တောင်းပါရေ ... သင်းချိုက အကြွီးနန့် သိမ်းပလိုက်ဗျာယ်လို့ ပြန်ပြောလိုက်ပါရေ ... ယင်းခါမှ ဖေ့သာပီးမယ် ဆီးပြန်ပီးလို့တောင်းပါရေ ... သူ့ဆီးကို အလကားပီးပလိုက်လတ်မယ် ကြောက်လို့ပါ ... သင်းချိုလေ့ ဖေ့သာလေ့ မယူ ဆီးလေ့မပီး နင့်ကိုလေ့ မမြင်ချင်လို့ ပြောလိုက်ပါရေ ... သင်းချိုရို့ ဆီးတိကို လူတိကို လိုက်ပီးလိုက်ကတ်ပါရေ ...
သူက အထင်သေးစော် အကျင့်ပါခစော်စော် ရန်ကုန်ရုံးမှာ သူပြောစော်ကို နားမလည်ကတ်လို့ ပြုံးခံနိုင်ရေ လူတိအတွက်နန့်ပါမနား ... သူရို့က ပြုံးခံနိုင်စော်ကို သူက လက်ခံရေ ယူဆခလို့ပါလေ ... နောက်မှ ပြန်သိရစော်က သူက အကျွန့်သူငယ်ချင်းကို "she is very proud of herself." လို့ပြောပြီးကေ အကျွန့်ကို မှတ်ချက်ချက်ပါရေလတ် ....


သင်းချို

Monday, July 19, 2010

အိမ်ပြန်ခွင့်

ခန်းနားထည်ဝါမှုတိအောက်က မြို့ပြ .......
နွီးထွီးမှုကို တောင့်တနီရေ မျက်ဝန်းတစ်စုံ .........
အငွေ့အသက် ကင်းမဲ့ရေ ထမင်းတစ်လောင်ပန်း .......
မျှော်လင့်ချက်ကို အရည်ဖျော်မိရေ ကြဲပြန့်နီရေ
အိပ်ပျက်ညတိ .......

ရည်ရွယ်ချက်ဆိုရေ
ဆန္ဒတစ်ခုနောက်ကို လိုက်ယင်းလိုက်ယင်း ........
ဘ၀ဆိုရေ
ပြသ၁နာထဲကို တိုးဝင်ပြီးယင်း တိုးဝင်ယင်း ........

ဟိုက ဒေက ရင်ဟောင်းလောင်းပေါက်နန့် လူတိ
ငါ့ကို ၀င်တိုက်လားခရေ ........
ငါ့ပတ်ဝန်းကျင်မှာက သီဆုံးနီရေ မျက်လုံးတိရာမနား .....
တစ်ချက်လောက် နောက်လှည့်ကြည့်မိခါမှ
အဆုံးအစ မရှိရေ ဟင်းလင်းပြင် .......

အမိယေ
ငါ့အတွက် အိပ်တန်းပြန်ချိန်က ဇာခါလေ ..........


သင်းချို

မေမေ့ကျောင်းလွယ်အိတ်


၁၉၉၁ခုနှစ် အ-မ-က (၁၅) ၊ ပြည်တော်သာရပ်ကွက်ကို သင်းချို ၁ တန်း ကျောင်းသားသစ်အဖြစ် ပြောင်းလာရရေအတွက် ရင်တိခုန်နီရေ ။ ညစာက မေမေဝယ်ခရေ အင်္ကျီအသစ်ချေနန့် ကျောင်းကိုဝင်လာရေ ခြီလှမ်းတိကို အကြည့်တစ်ချို့က ဆွံ့အ စီရေ ။ စူးစမ်းရေမျက်လုံးဝိုင်းချေတိနောက်က သရော်ရေအဓိပါယ် တိနန့်တတူ ဝရုန်းသုန်းကားလိုက်လာရေ
"သူတော်မ ဆန်ခံလာရေ ။ ကန်တော့ပါယင့်" ဆိုရေအသံတစ်ခုနန့် အားလုံးဝိုင်းရယ်ကတ်တေ ။ ကိုယ့်ကိုပြောမှန်းသိကေလေ့ ဇာကြောင့်ပြောမှန်း နားမလည်မိ ။ သင်းချိုနန့် အင်္ကျီဆင်တူဝတ်ထားရေ မျက်လုံးချေတစ်စုံက ငေးကြည့်နီရေ ။ သင်းချိုကတော့ အားလုံးကို ငေးကြည့်နီမိယင့် ။

သင်းချိုနောက်ကို တစ်ယောက်လာရပ်ပနာ "သူတော်မဆန်ခံရေအိတ်နန့် ဇာလုပ်နီလေ" ဆိုပြီးကေ လွယ်အိတ်ကို ဆွဲချွတ်လားရေ ။ သိလိုက်ပါဗျာယ် သူရို့အတွက် ထူးဆန်းနီရေ သင်းချိုလွယ်အိတ်က မျက်စိကျစရာ ဖြစ်လားရရေ ဆိုစော်ကို ။
သင်းချိုလွယ်အိတ်က ရပ်ကွက်မှာလာရောင်းရေ ပိတ်အထူသားကို မေမေ လက်နန့်ခြုပ်ပီးထားစော် ။ လွယ်အိတ်အောက်ဘက်ထောင့်နေရာမှာ လူများတိပိုင် အမွီးချေတိမပါ ။ အေအတိုင်း ပိတ်အပြားချေ နှစ်ပြားနန့်ပါ ။
ငိုချင်ချင်မျက်နှာနန့် ပြုတ်ကျလားရေလွယ်အိတ်ကို အကောက်မှာ အင်္ကျီဆင်တူချေ အနားကိုရောက်လာပနာ ကောက်ပီးရေ ။ သူ့ကိုအားကိုးတကြီး ကြည့်မိရေထင်ယင့် ။ သူလေ့ ၁ တန်းကျောင်းသူ ပါ ။ ခင်လပြည့်ဆွေ ။ သူငယ်ချင်း တစ်ယောက်ရလိုက်ပါဗျာယ် ။ ယော် အခန်းထဲကို သင်းချိုကို သရော်ရေ သူရို့ရာဝင်လာဗျာယ် ။ အတန်းတတူတူလတ် ။
"ဒေသူရို့နန့်က တတူမသင်ချင်" ..... ဒေစကားကို စိတ်ထဲကရာပြောဝံ့ရေ ။ သူရို့ကကျောင်းရှင်တိမနား ။

နိန့်ခင်းမုန့်စားကျောင်းဆင်းခါ ရီချိုးဖို့ အိမ်ပြန်ကေလေ့ အအော်ခံရလို့ မေမေကို ပူဆာဖြစ်တေ ။ အမွီးချေနန့် လွယ်အိတ်တစ်အိတ် ။ မေမေ ခံစားချက်ကို သင်းချိုနားမလည်တတ် ။ မေမေက ရင်ခွင်မှာထည့်ပနာ သနပ်ခါးလိမ်းပီးယင်းနန့် ပြောပါရေ ။ "ချစ်လို့ကိုယ်တိုင်ခြုပ်ပီးထားစော်" ပါလတ် ။ သင်းချိုကတော့ခါ ချစ်စော်ထက် အမွီးချေနန့် လွယ်အိတ်ချေရာ လိုချင်ရေ ။

အခြေနေဆိုစော်ကို သင်းချိုနားမလည်တတ်ခ ။ သင်းချိုမှာ အစ်ကိုကြီး ၊ အစ်ကို လင်းလင်း(မွီးစပ်အစ်ကို) နန့် ညီမချေ ရှိပါရေ ။ အစ်ကို ၂ယောက်က ၄တန်း ၊ ညီမချေက ကျောင်းမတက်ရသိ ။ ပါပါက အစိုးရဝန်ထမ်းချေ ၊ သင်းချိုမေမေက မှီခို ။ အဘိုးရှင်နန့် ၊ အရီးရှင် (အပျိုကြီး)လေ့ရှိရေ ။ သင်းချိုရို့က ဝန်ထမ်းအိမ်ရာမှာ နိန်စော်ပါ ။ ပါပါလစာကို မသိခ ။ အိမ်မှာ ဘူးပင်၊ ခဝဲပင် ဇာကြောင့်စိုက်လေ မစဉ်းစားတတ်ခပါ ။ ဝင်ငွေ၊ထွက်ငွေ သင်းချိုနားမလည်။

ယင်းပိုင်နန့် လူတိက သရော်လိုက် ၊ သင်းချိုက လွယ်အိတ်တောင်းလိုက် ငိုလိုက် ၊ မေမေက ချော့လိုက် ခြောက်လိုက် နန့် စာသင်နှစ် ၁ နှစ်ကုန်ဆုံးလားပါရေ ။

* * *
၁၉၉၂ ခုနှစ် .........
ဒေနှစ်ခါ ကျောင်းတက်ဖို့အတွက် ပျော်ဖို့စော် နန့် ဝမ်းနည်းမှု ဒွန်တွဲနီပါရေ ........ အမွီးနှစ်ဘက်ပါရေ လွယ်အိတ်ချေအသစ်(သင်းချိုအတွက်အသစ် ၊ မနှစ်က ကိုကြီးလွယ်ပြီးသားပါ ၊ သူ့မှာ စာအုပ်များလာလို့ လွယ်အိတ်အကြီး ဝယ်ရရေ) လွယ်ရလို့ကျေနပ်ကေလေ့ ၊ သင်းချိုကို ပေါင်းရေ ၁ဦးတည်းသော ကောင်းအားကိုးမိရေသူငယ်ချင်း စစ်တွေကနီ ပြောင်းလားခပါဗျာယ် ။ အထီးကျန်စော်ကို မသိတတ်ခင်ကပင် ရင်ဆိုင်လိုက်ရပါရေ ......

ဒေနှစ်မှာတော့ သူငယ်ချင်း အသစ် ၂ယောက်၊ ၃ယောက် ရလာပါဗျာယ် ။ လွယ်အိတ်မှာ အမွီးပါလို့ လို့ထင်ပါယင့် ။

တရွီရွီနန့် ကျောင်းတက်လို့ ၃လလောက်အကြာ သက်တမ်းရင့်လွယ်အိတ်က မိုးရီထဲမှာ ဗြန်းခနန်း ခြုပ်ရိုးစုတ်လားရေ ။ လူတိ(သူငယ်ချင်း)ဝိုင်းရေကတ်ကေလေ့ ဝမ်းမနည်း ။ သင်းချိုမှာ သူရို့မမြင်နိုင်ရေ ပျော်စရာစိတ်ကူး ရှိရေလေ ။ လွယ်အိတ်အသစ်ရဖို့ဗျာယ်ဆိုရေစိတ်ကူးနန့် မျက်နှာမှာထိန်းမနိုင်၊သိမ်းမရ အပြုံးတိနန့် စာအုပ်တိကိုကုန်းကောက်ပနာ အိမ်ကိုပြီးပါလတ်တေ ။ အိမ်ကိုရောက်ကေ မေမေက ချစ်လို့ပြန်ခြုပ်ပီးရေ ။ .......... အေပိုင်နန့် လွယ်အိတ်စုတ်လိုက် ၊ သင်းချိုပျော်လိုက် ၊ မေမေက ချစ်လိုက် ....... လိုက် .... လိုက် ......။

ကိုကြီးနန့် ကိုလင်းလင်း လွယ်အိတ်ပြောင်းဖို့ အချိန်က သင်းချို အိမ်မက် ...... သိနီကေလေ့ လွယ်အိတ်စုတ်တိုင်း သင်းချိုပျော်မိခပါရေ ......

* * *

၁၉၉၃ ........ ............. ..............
၉၄ ........... ..............
၅ ........ ၆ ....................၂၀၀၉ ...........

* * *

၂၀၁၀ ခုနှစ် ............
လူနီမှုအဆင့်မြင့်ရေ မြို့မှာ သင်းချို ၁ယောက်တည်း ကျောင်းတက်ယင်း၊ အလုပ်လုပ်ယင်း လူရာဝင်ဖို့ ကြိုးစားနီရရေ ။ ဟိုက ၊ ဒေကလူတိ ဝင်တိုက်လားရေ ။ ကကွေ့ကကောက် တစ်ချို့ ၊ ဖဖြောင့်တစ်ချို့၊ မှန်းဆမရရေတစ်ချို့ ......

နင်းတက်လားကတ်တေ ၊ လက်ချင်းချိတ်ကတ်တေ ၊ တိုက်မိလို့ အားနာပြုံး ပြုံးပြလားကတ်တေ ...........

သင်းချိုတစ်ယောက် တံဆိပ်အမျိုးမျိုးအိတ်တိကို လွယ်ပနာ ရင်ဘတ်တိအီးစက်နီရေ ..... ဆွဲဆောင်မှုအားကောင်းရေ ရောင်စုံအိတ်တိက သံယောဇာဉ်ကင်းရေပင်က ...... ကြိုးတိပြတ်လားကေပင် ပြန်ပျင်လို့မရဗျာယ် .....
သူရို့ကိုလွယ်ရလို့ ပြတ်လားကေ အသစ်ဆိုစော် တကူးတက မျှော်လင့်စရာ မလိုရေအတွက် ရင်ခုန်ဗျာယ် ပျော်နီစရာတိလေ့ အလိုလိုပျောက်လားရေ ......

လူတန်းစိဖို့ကြိုးစားဗျာယ် ပြီးလိုက်နီရရေ သင်းချိုလေ အညောင်းမိလို့ အီးစက်နီရေ နှလုံးသားကိုဆုပ်ကိုင်မိကေ သံယောဇာဉ်ကြိုးအထပ်ထပ်နန့်ခြုပ်ပီးထားရေ ၊ မရိုးနိုင်ရေ မျှော်လင့်ချက်တိနန့် ပြည့်နီရေ မေမေ့ကျောင်းလွယ်အိတ်ချေတိကို ကောင်းအောက်မိပါရေ ..........................




PS (သူတော်မ ဆန်ခံလို့ ခေါ်ဖူးခရေသူတိက အဂုသင်းချိုအခင်ဆုံးသူငယ်ချင်းတိဖြစ်နီပါဗျာယ်)



သင်းချို(Twinkle Ice)